Back

Seven Type of Follower

လုပ်ငန်းခွင်နဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှု ဆောင်းပါးတွေ ၊စာအုပ်တွေ ဒီဘက်ခေတ်မှာ တော်တော် များများ ထွက်လာကြတာ ဟာ လေ့လာလိုသူတွေအတွက် များစွာသော ထိရောက်မှုဖြစ်စေတာ သေချာပါတယ် ။ ကျွန်တော်တို့ အချိန်တုန်းကထက် ပိုပြီးကျယ်၀န်းတဲ့ လေ့လာမှု အသိုက်အ၀န်းကို တည်ဆောက်နေကြသူတွေ ၊ စဉ်ဆက်မပြတ် လေ့လာနေ သူတွေကို ကြည့်ပြီး ပိတိဖြစ်မိပါတယ် ။ ဒါနဲ့ဆက်စပ်ပြီး တွေးတောမိရင်း ဒီဆောင်းပါး လေးကို ရေးမိပါတယ် ။

ကျွန်တော်တို့ဆီမှာက လေ့လာသင်ယူလိုသူ လူငယ်တွေများများလာတာနဲ့အမျှ စီမံခန့်ခွဲမှု ၊ခေါင်းဆောင်မှု စွမ်းရည် အစရှိတဲ့ သင်တန်းတွေကို ဖွင့်လာကြတယ် ၊လူငယ်တွေကလည်း စိတ်ပါ၀င်စား တတ်ရောက်လာကြတာတွေ ရှိပါတယ် ။

ဒါကို အခြေခံစဉ်းစားရင် ခေါင်းဆောင်ကောင်းဖြစ်ဖို့ ဆိုတာ နောက်လိုက်ကောင်းတွေ မရှိရင် မဖြစ်နိုင်ဘူး ၊ တကယ်လို့များ ကိုယ်က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်သလို ၊တစ်ချိန်တည်းမှာ နောက်လိုက်ကောင်းဖြစ် နေရတဲ့ အခြေအနေ တစ်ရပ်ကို တစ်ပြိုင်တည်း ကြုံတွေ့ရတာတွေ ရှိလာမှာပဲ။

ဒါကြောင့် Follower Ship လို့ ပြောလို့ရမယ့် ပံ့ပိုးကူညီသူအပိုင်းကလည်း အရေးပါပါတယ် ။ ကိုယ့်အောက်က ၀န်ထမ်းအငယ်အတွက် ကိုယ်ကခေါင်းဆောင်ဖြစ်ပေမဲ့ ကိုယ့်ထက်ကြီးတဲ့ လူကြီး ၊အလုပ်ရှင်တွေအတွက် လည်းကိုယ်က နောက်လိုက်ကောင်း တစ်ယောက်ဖြစ်ဖို့ လိုတယ်ဆိုတာ လူတိုင်း ကြုံတွေ့နေရတဲ့ အရာပါ ။

ဒီတော့ ခေါင်းဆောင်မှုနဲ့သက်ဆိုင်တဲ့ အရည်အချင်းတွေ ၊အသိပညာတွေကို လေ့လာ သင်ယူထားသလို ၊ Follower တစ်ယောက်မှာ ရှိရမယ့် အကောင်းဆုံးအခြေအနေ တွေကိုလည်း သိထားမှ ဖြစ်ပါလိမ့်မယ် ။ သဘောကျစေတဲ့ စာသားလေးတစ်ခုရှိပါတယ် ။

Followers are an essential part of the leadership equation လို့ဆိုထားပါတယ်

Follower တွေ ဟာ ခေါင်းဆောင်မှု Equation အတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်လို့ ဆိုထားတာပါ ။

တော်တော်များများက ခေါင်းဆောင်သာလုပ်ချင်တာ ၊လွယ်လွယ်ပြောရင် နောက်လိုက် ကောင်းဖြစ်ဖို့ကျတော့ သိပ်စိတ်မ၀င်စားကြတာလည်း ရှိပါတယ် ။

ဘယ်ခေါင်းဆောင်မှ တန်းပြီး ခေါင်းဆောင်ဖြစ်တာ မဟုတ်လို့ လူတိုင်းက ဒီအဆင့်ကိုဖြတ်ကျော်ရမှာပါပဲ ။ ကိုယ်က မိမိကို ပံ့ပိုးပေးနေ သူတွေရဲ့ အခြေအနေတွေကို သိထားမယ်ဆိုရင်လည်း စီမံခန့်ခွဲရာမှာ ပိုပြီး အကျိုးရှိစေပါတယ် ။

ဒီတော့ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ 7 Type of Follower အကြောင်းကို ဆက်တင်ပြချင်ပါတယ် ။ Follower Type 7 မျိူးလို့ သတ်မှတ်ထားတာရှိပါတယ် ။

ဒါတွေကတော့

1. Sycophants – The flatterers

2. Critics – The opposition

3. Realists

4. Loyalists

5. Traitors

6. Spectators

7. Opportunists ဆိုပြီးသတ်မှတ်ထားတာ ရှိပါတယ် ၊မိမိလက်အောက်မှာရှိတဲ့ ပံ့ပိုးကူညီပေး နေသူ Follower တွေကိုလည်း ဘယ်လိုလူစားမျိုးလဲ ဆိုတာ သေချာသိနိုင်ရင်ဖြင့် သေချာစွာ ကိုင်တွယ်နိုင်သလို ၊ မိမိကိုယ်တိုင်လည်း ဘယ်လို Follower အဖြစ် ရှိသင့်သလဲ ဆိုတာကို သုံးသပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။ ဒီတော့ တစ်ချက်ချင်းစီအလိုက်ကြည့်ရအောင်ပါ ။

1. Sycophants – flatterers – သူတို့တွေကိုတော့အလွယ်ဆုံးမှတ်ရရင် “Yes people”. လို့ ပြောလို့ရပါတယ် ၊ ခေါင်းဆောင်ပြောသမျှ အရာအားလုံးကိုထောက်ခံမယ် ၊ ခိုင်းတာ အကုန်လုပ်မယ် ၊ ပြန်လည်ဆွေးနွေးပြောဆိုတာတွေ မလုပ်ကြတဲ့ သူတွေပါ ။ သူတို့ဆီက အကြံညဏ်တွေကိုလည်း ရနိုင်မှာ မဟုတ်သလို ၊ဆုံးဖြတ်ချက်ချရမယ့်အပိုင်းအတွက် သူတို့တွေက ခေါင်းဆောင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု ကို ဘာပြောပြော ဟုတ်ကဲ့လို့ ပြောမယ့်သူတွေဖြစ်ပါတယ် ။

ဒိလိုအခြေအနေမျိုးက အလုပ်မှာဆိုရင် လူကြီးအကြိုက် လုပ်တတ်သူတွေ ၊ဆုံးဖြတ်ချက်တစ်ခုခု ချတဲ့အပေါ်မှာ ဝေဖန်ကန့်ကွက် ၊အကြံညဏ် ပေးတာတွေ မလုပ်ပဲ အမြဲကောင်းပါတယ် ပြောတတ်တဲ့ ၀န်ထမ်းတွေမှာ ရှိတတ်ပါတယ် ။ ခက်တာက လူကြီးတစ်ချို့ကလည်း ဒီအခြေအနေအပေါ်မှာ အကဲဖြတ်မှုတွေ မှားယွင်းစွာ ဆုံးဖြတ်ကြပြီး သူတို့တွေကို နေရာပေးတတ်ကြပါတယ် ။

သူတို့တွေက ပြသာနာဖြစ်မှာ ကြောက်ကြတယ် လည်းဖြစ်ကြပါတယ် ။ ပြန်မပြောတာ ၊အမြဲ ဟုတ်ကဲ့ ပြောနေတာတွေကို အမှန်ထင်ပြီး ဆက်လုပ် ရင်း အဖွဲ့အစည်းက ဆုံးဖြတ်ချက် အမှားတွေနဲ့ ကျရှံးဖို့ အရှိန်အဟုန်နဲ့ ပြင်ဆင်နေသလို ဖြစ်နေပါလိမ့်မယ် ။

2. Critics – opposition – ဒုတိယတစ်မျိုးက လူကြီးတွေသိပ် မကြိုက်တဲ့ အမျိုးအစားထဲမှာပါပါတယ် ။ ဝေဖန်မှုတွေ လုပ်တတ်ပြီး အတိုက်အခံသဘော သဘာ၀ ရှိသူ Follower တွေဖြစ်ပါတယ် ။ အကြောင်းတစ်ခုခုကြောင့် လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ဆိုင်ရာ အသိအမှတ်ပြုမခံရသူတွေ ၊ ရာထူးတိုး ၊လစာတိုးအတွက် ကျန်ခဲ့တဲ့သူတွေ က ဒီလိုဖြစ်တတ်တယ်လို့ဆိုထားပါတယ် ။

သူတို့တွေဆီက ၀န်ထမ်းအသစ်တွေအနေနဲ့ ကြကြားရမှာကတော့ ဒီလုပ်ငန်းနဲ့ပတ်သတ်တဲ့ အဆိုးမြင်တဲ့အချက်တွေ ၊ မကောင်း ပြောဆိုမှုတွေနဲ့ ၀န်ထမ်းအသစ်တွေကို စိတ်ပျက်အားလျော့အောင် လုပ်ဆောင် တတ် ကြပါတယ် ။ ဒီလိုအခြေအနေမျိုးလည်း သင့်ရဲ့လုပ်ငန်းခွင်မှာ ကြုံတွေ့နေရမှာပါပဲ ၊ လုပ်ငန်း အပေါ် မကောင်းပြောကြပေမဲ့ သူတို့ကိုယ်တိုင်လည်း မစွန့်ခွာချင်ဖြစ်နေတဲ့ ၀န်ထမ်းမျိုး တွေကို ဒီအမျိုးအစားထဲ ထည့်သွင်းသတ်မှတ်လို့ရနိုင်ပါတယ်။

3. Realists – တတိယအမျိုးအစားကတော့ အရေးပါတဲ့ ပံ့ပိုးသူတွေ အဖြစ်သတ်မှတ် လို့ရပါတယ် ။ လက်တွေ့ အပြုသဘောဆောင်တဲ့ အကြံညဏ်တွေ ၊စဉ်းစားတွေးခေါ်မှုတွေနဲ့ ခေါင်းဆောင်တွေကို ပံ့ပိုးကူညီတတ်ကြပါတယ်။မဖြစ်နိုင်ရင် မဖြစ်နိုင်ကြောင်း ဖြစ်နိုင်မယ့် နည်းလမ်းက ဘာဖြစ်ကြောင်း လုပ်ငန်းနဲ့ပတ်သတ်ပြီး အကြံညဏ်တွေ ၊ဝေဖန်မှု တွေ ပေးကြသူတွေပါ ။ နောက်တစ်ချိန်မှာ ခေါင်းဆောင် အဖြစ် ဆက်လက် ရွေးချယ် လို့ရတဲ့ သူတွေ အဖြစ်သတ်မှတ်ရမယ့်သူတွေပါ ။

4. Loyalists – တနည်းအားဖြင့် စစ်မှန်သော ထောက်ခံသူများအဖြစ် genuine supporters သတ်မှတ်ကြပါတယ် ။ အလုပ်အပေါ်မှာ ပြင်းထန်တဲ့ ကြိုးစားအားထုတ်သူတွေ ၊ အလုပ်ကို ကြိုးစားစွာ လုပ်ကိုင်ကြပြီး မိမိတို့ ခေါင်းဆောင်ကို ပံ့ပိုးပေးနိုင် သူတွေဖြစ်ပါတယ် ။ ခေါင်းဆောင်တွေက ယုံကြည်အားကိုးရပြီး ၊စိတ်ချရသူတွေလည်းဖြစ်ပါတယ် ။ သူတို့ကို လည်း အလားအလာရှိတဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်လို့ရပါတယ် ။

5. Traitors – ဒီအုပ်စု၀င် Follower တွေက အန္တရယ် အရှိဆုံးသူတွေပဲဖြစ်ပါတယ် ။ သူတို့တွေဟာ မကျေနပ်မှုကို မဖော်ပြတတ်ကြပဲ တိတ်တဆိတ်နေတတ်ကြသူတွေပါ ။ တတ်ကြွစွာ ဆောင်ရွက်တတ်ကြောင်းလည်း ဟန်ဆောင်ဖော်ပြတတ်ကြပါတယ် ။

ကာလတစ်ခုအထိ ခေါင်းဆောင်ဖြစ်သူရဲ့ ယုံကြည်မှုကို ရရှိထားကြသူတွေလည်း ဖြစ်ပါတယ် ။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ အခါ ကောင်းမွန်တဲ့ အပြုသဘောဆောင်မှု နည်းပါးကြပြီး ၊တတ်ကြွမှုလည်း ထင်သလောက်မရှိကြပါဘူး ။ အထက်လူကြီးကြိုက် ပြောတတ်ဆိုတတ်ပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေတတ်ကြတဲ့ Follower တွေကို ဒီအုပ်စုထဲ သတ်မှတ်ပါတယ် ။

6. Spectators – သူတို့တွေကို တော့ လေ့လာသူတွေလို့ အလွယ်သတ်မှတ်လို့ရနိုင်ပါတယ် ။ ဘယ်ဘက်မှာမှ ရှိမနေတတ်ပဲ ကြားနေ ရပ်တည်ကြပြီး အခြေအနေတစ်ရပ်ကို မူတည် ဆုံးဖြတ်တတ်ကြပါတယ် ။

လုပ်ငန်းတာ၀န်ပေးတဲ့အခါမှာလည်း တာ၀န်ယူဆောင်ရွက်တာမျိုး တန်းမလုပ်ပဲ စောင့်ကြည့်နေတတ်သူတွေ ၊ အဆင်ပြေတော့မှ ၀င်လုပ်တတ်သူတွေကို ဒီအမျိုးအစားထဲ ထည့်ထားလို့ရပါတယ် ။

7. Opportunists – လွယ်လွယ်ပြောရင် သာကူးတွေလို့ ပြောလို့ရပါတယ် ၊ တနည်းအားဖြင့် အခွင့်အလမ်းရှိတဲ့ ဘက်ကို ဦးတည်ရွေ့လျား တတ်သူတွေပါ။ ထိုက်သင့်တဲ့ လုပ်ငန်းကျွမ်းကျင်မှု ရှိသူတွေဖြစ်ပြီး လိုအပ်တဲ့ အရည်အချင်းတွေလည်း ရှိသူတွေပါ ။

ဒီတော့ ထိုက်တန်တဲ့ အခွင့်အလမ်း တစ်ချို့ ပေးထားမှသာ ကိုယ့်ဘက်မှာ ရှိပြီး မပေးနိုင်တဲ့ အချိန်မှာ ဆိုရင်တော့ ကူးပြောင်းလွယ်ကြသူတွေပါ ။

အခုတင်ပြခဲ့တဲ့ Follower (7) မျိုးက လုပ်ငန်းခွင်တွေထဲမှာ ရှိနေတဲ့ မိမိကိုယ်ပံ့ပိုး ကူညီသူတွေဖြစ်ပါတယ်၊ အားနည်းချက် အားသာချက် တွေ မတူကွဲပြားကြပေမဲ့ ထိုက်သင့်တဲ့ အရည်အချင်းတော့ ရှိသူတွေဖြစ်လို့ လိုအပ်တဲ့ နေရာမျိုးမှာ ပြန်လည် အသုံးချနိုင်ရင် ခေါင်းဆောင် အတွက် အကျိုးရှိစေမှာပါ ။

မိမိ ကိုယ်တိုင်ကလည်း follower အဖြစ် ဆောင်ရွက်ရတဲ့ အချိန်မှာ ဘယ်လို ပုံစံမျိုးနဲ့ ပံ့ပိုးကူညီသူအဖြစ် ရှိနေမလဲ ဆိုတာကို သုံးသပ်ဆောင်ရွက်နိုင်ပါတယ် ။

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply