Back

Emotional Intelligence (EQ)

ကျွန်တော်တို့ မကြာခဏ ကြားကြားနေရတဲ့ IQ, EQ တွေ အကြောင်းပါ ၊ IQ ကတော့ တော်တော်များများ သိပြီး သားမို့ အကျယ့်တ၀င့်မပြောလိုတော့ပါဘူး ။ EQ နဲ့ ပတ်သတ်ပြီး လေ့လာမှတ်သားခဲ့ရတဲ့ အပိုင်းကို စိတ်ပညာရပ်ပိုင်းဆိုင်ရာ ရှထောင်ကနေ ရှမြင် သုံးသပ်ပုံလေးကို မျှဝေ တင်ပြလိုပါတယ်။

ဒီတော့ EQ ဆိုတော့ အကြောင်းကို အရင်ဆုံး သွားကြည့်ရအောင်….

IQ ထက်မြက်သူတွေက ပိုပြီးသိသားထင်ရှားစွာမြင်တွေ့ရပါတယ် ။ ဒါပေမဲ့ EQ ကောင်းမကောင်းကတော့ ထင်ရှားစွာမြင်သာမှာတော့မဟုတ်ပါဘူး ။ဒိတော့

Emotional intelligence (EI) ဘယ်လောက်ရှိသလဲ ဆိုတာကို သိရှိဖို့ လူတစ်ဦးချင်း တစ်ယောက်ချင်းစီအလိုက် ကွဲပြားစွာ ရှိနေတဲ့ Emotional quotient (EQ) တွေကို တိုင်းတာ စစ်ဆေးတာကို စိတ်ပိုင်းဆိုင်ရာ ညဏ်ရည်ညဏ် သွေး စစ်ဆေးခြင်းလို့ ခေါ်ပါတယ် ။ လူတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ IQ ,EQ တွေ မှာ နှစ်ဖက်မျှတ စွာ ရှိတာရှိသလို ၊ နှစ်ခုစလုံး လျော့နည်းနေတာ ၊ တစ်ခုခု သာလွန်နေတာတွေ ရှိတတ်ပါတယ် ။ ဒါကို သေချာစွာသိရှိထားရင် မိမိတိုးတတ်ရေးအခွင့်အလမ်းအတွက်လည်း အကျိုးရှိနိုင်ပါတယ်။

Daniel Goleman က EQ ကို ဖော်ပြထားတာကို အလွယ်ဆုံး နဲ့ အထိအမိဆုံး ပြောရရင် Managing Feelings လို့ သုံးချင်ပါတယ်။

ဆက်ပြီး Emotion အကြောင်းကိုပါ တစ်ဆက်တည်း ပြောချင်ပါတယ် ၊ စိတ်ခံစားမှု လို့ တိုက်ရိုက်ဘာသာပြန်လိုက်ရင် လူတစ်ယောက်ချင်းစီရဲ့ ပျော်ရွင်တာ ၊ ၀မ်းနည်းတာ ၊ ဒေါသထွက်တာ ၊ သနားတာ ၊ အားနာတာ စတာတွေကို အခြေခံပြီး လူတစ်ဦးချင်းစီရဲ့ ပြုမှုဆောင်ရွက်မှု တွေက ကွဲပြားခြားနားလာတာကို တွေ့ရပါတယ် ။

ကိုယ်ကောင်းဖို့ ၊ မိမိ အဆင်ပြေဖို့ပဲ အမြဲစဉ်းစားနေတဲ့ ဘက်ကနေ မစဉ်းစားပဲ မိမိစိတ်ခံစားကို ဘယ်လို ထိန်းသိမ်းပြီး အကျိုးရှိစွာ အသုံးချနိုင်မလဲ ဆိုတာကို တနည်းအားဖြင့် Emotional intelligence ရှိတဲ့ သူလို့ ဆိုလို့ရပါတယ် ။ လူတော်တော်များများက Emotion အဆင့်မှာပဲ များနေကြာတွေ ရှိပါတယ် ။ Emotional Intelligence ရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ ဆိုတာလည်း တကယ်တော့ မလွယ်ကူလှပါဘူး ။ ဒါကြောင့် Emotional intelligence ရဲ့ Competencies တွေကို တင်ပြချင်ပါတယ် ။ မိမိရော မိမိပတ်၀န်းကျင်မှာ ရှိတဲ့ သူတွေကရော Emotional intelligence ရှိတဲ့ သူတွေ ဖြစ်ရဲ့ လား ဆိုတာကို သိရှိနိုင်စေဖို့လည်း ရည်ရွယ်ပါတယ်။

Emotional intelligence Competencies ကိုစတင်ပြောရရင် အရင်ဆုံး အပိုင်း (၂) ခု နဲ့ စပြောရပါမယ် ။ ပထမ အပိုင်းကတော့ Regulation and Recognition ဖြစ်ပါတယ် ။ သတ်မှတ်ထားရမယ့် စည်းစနစ်တွေ ၊ နည်းလမ်းတွေ နဲ့ အသိအမှတ်ပြုခြင်း ၊သိရှိနားလည်ခြင်းတွေ ပါ၀င်ပါတယ် ။ဒုတိယ တစ်ပိုင်းကတော့ Self and Social ပါ ။ မိမိကိုယ်နဲ့ သတ်ဆိုင်ခြင်း၊ ပတ်၀န်းကျင် အသိုက်အ၀န်းနဲ့ သက်ဆိုင်ခြင်းကို နားလည် သဘောပေါက်စေမယ့် အရာတွေပဲဖြစ်ပါတယ် ။ ဒီ နှစ်ပိုင်းကို X,Y ၀င်ရိုးချပြီး ကြည့်လိုက်တဲ့အခါ Emotional intelligence Competencies (၄) မျိုးထွက်လာပါတယ် ။

အောက်မှာတစ်ချက် ဆက်ကြည့်ရအောင်…

1. Self – Awareness

2. Social Awareness

3. Self- Management

4. Relationship Management ဆိုပြီး တွေ့ရမှာပါ ။ ဒီအချက် (၄) ချက်အပေါ်မူတည်ပြီး Emotional Intelligence တွေကို ကြည့်ရမှာပါ ။ ဒီအတွက် တစ်ချက်ချင်းစီအလိုက်မှာပါ၀င်တဲ့ အချက်တွေကို အသေးစိတ်ရှင်းပြချင်ပါတယ် ။

Self – Awareness မှာတော့ မိမိကိုယ်ကို သိရှိခြင်း၊ ကိုယ်ဘာကို သိသလဲ ? တနည်းဆိုရရင် မိမိစိတ်ကို သိဖို့လိုပါတယ် ။ မိမိက ဒေါသကြီးသလား ၊ အားနာတတ်သလား ၊ ပျော်ရွင်လွယ်သူလား အစရှိတာတွေအပြင် မိမိရဲ့ အားနည်းချက် ၊ အားသာချက်ကို သိရှိနားလည်ထားဖို့လိုပါတယ်။ ဒါကို Emotional Self – awareness သိရှိခြင်းလို့ခေါ်ပါတယ် ။

ဒါကို သိဖို့အတွက်လည်း Accurate Self- Assessment အနေနဲ့ သိရှိအောင် လုပ်ဆောင်ရပါမယ် ။ သေချာစွာသိရမယ့်လို့ ဆိုပါတယ် ၊ ဥပမာ- ဒေါသကြီး တဲ့ သူတစ်ယောက်ဆိုရင် ဘယ်အခြေအနေတွေမှာ ဒေါသကြီးတတ်သလဲ ?ဒေါသကြီးတဲ့ အမြင့်ဆုံး အခြေအနေမှာ တုံပြန်ဆောင်ရွက်တတ်တဲ့ မိမိရဲ့ ပုံစံ တွေကို နားလည်သိရှိအောင် Assessment လုပ်ထားရမယ်လို့ ပြောထားတာပါ ။

ဒီနှစ်ခုစလုံးကို သေချာသိရှိဆောင်ရွက်နိုင်ပြီ ဆိုရင်တော့ ရလာမှာက Self – Confidence ပဲဖြစ်ပါတယ်။ ဒီတော့ မိမိကိုယ်ကို သေချာသိရှိခြင်းကို ရရှိမှသာ Self – Confidence ကို ရရှိမှာဖြစ်ပါတယ် ။ ဒီတော့ Self- Awareness မှာ ပါ၀င်တာတွေကို အနှစ်ချုပ်ရရင်- Emotional Self- awareness, Accurate Self- Assessment , Self- Confidence ဒီအချက်တွေနဲ့ ပြည့်စုံရပါမယ်။

Social – Awareness ပိုင်းမှာတော့ Empathy ဆိုတဲ့ စာနာ နားလည်တတ်တဲ့ စိတ်ကို သူတစ်ဖက်သား ၊ အသိုက်အ၀န်း တစ်ခု အပေါ်မှာ တကယ် မှန်ကန်စွာ ရှိတတ်တဲ့စိတ်ကို ပြောတာပါ ။ တစ်ချို့တွေက ကောင်းမွန်တဲ့ ဆက်ဆံရေးအတွက် Social ကောင်းတယ် ဆိုကြပါတယ် ၊ ဒီအချက်က တော့ တကယ်မှန်ကန်တဲ့ စာနာနားလည်စိတ်ကို ဖော်ညွန်းတာပါ ။

သူတစ်ဖက်သားကို တကယ်နားလည်တာပါ ။ နောက်တစ်ဆင့်က Organizational Awareness မိမိ အဖွဲ့အစည်း ၊ ပတ်သက်နေရတဲ့ လူ့အသိုက်အ၀န်းရဲ့ သဘောတရားကို နားလည်သဘောပေါက် ဆိုလိုချက်ဖြစ်ပါတယ် ။ ဒီအချက်ကို နားလည်ဖို့ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ စိတ်ကို နားလည်သဘောပေါက်နိုင်မှ သာလျင်ဖြစ်မှာဖြစ်ပါတယ် ။ ဆက်ပြီး Service Orientation ဖြစ်ပါတယ် ၊ Emotional Intelligence ရှိတဲ့ သူတွေမှာ Social – Awareness ပိုင်းမှာ ပြည့်စုံနေတဲ့အချက်တွေပါ ။

Self- Management ကတော့ မိမိကိုယ်တိုင် ဘယ်လောက်အထိ စီမံခန့်ခွဲနိုင်လဲ ဆိုတာကို ဖော်ပြချက်ပါ ၊ ဒီတော့ အရင်ဆုံး ပါ၀င်လာတာက မိမိစိတ်ကို ဘယ်လောက်အထိ ထိန်းချုပ်ကိုင်တွယ်နိုင်သလဲ ဆိုတဲ့ Self- Control ၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်တတ်ခြင်းဖြစ်တဲ့ ( Transparency) တွေပါ၀င်လာတာဖြစ်ပါတယ် ။ နောက်ပြီး ၂၁ ရာစု Manager role ဖြစ်လာတဲ့ Adaptability လည်းပါ၀င်ပါတယ်၊ သင့်တင့် လျောက်ပတ်အောငင် ညှိုနှိုင်းဆောင်ရွက်နိုင်မှု ရှိလာအောင် မိမိကိုယ်တိုင် ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာလည်း အရေးပါတဲ့ အပိုင်းပါ ။

ပတ်၀န်းကျင်အသစ် ၊ အဖွဲ့အစည်းအသစ်တစ်ခုမှာ လိုက်လျောညီ ထွေစွာနဲ့ ကောင်းမွန်မှန်ကန်စွာ နေနိုင်ဖို့ ကလည်း အရေးကြီးလာပါတယ်။ ဆက်ပြီး Achievement Drive အောင်မြင်မှုကို ရယူလိုစိတ် အတွက် တွန်းအားတွေ မိမိကိုယ်မှာ ရှိနေရမယ် ၊ ဒီလိုစိတ်မျိုးရှိနေမှ Emotional Intelligence ဖြစ်လာမှာပါ ။ နောက်တစ်ချက်ကတော့ Initiative ပါ ပင်ကိုယ်ကိုယ်စွမ်းကိုယ်စ ရှိရမှာပါ ၊ ဒါကတော့ Self- Management မှာ ရှိတဲ့ အချက်တွေပါ ။

Relationship Management မှာတော့ Inspirational Leadership ဖြစ်တဲ့ တကယ့်ကို လှုံဆော် အားပေးဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေ ရှိရပါမယ်၊ ဒီနေရာတစ်ချက်ဖြည့်ပြီး ပြောချင်တာက လှုံဆော်အားပေးမှု ပြုတဲ့ အပိုင်းမှာပါ၀င်တဲ့ Motivation & Inspiration ကို ပြောချင်ပါတယ် ၊ ကိစ္စတစ်ခုကို လုပ်တော့မယ် ဆိုရင် လုပ်ချင်စိတ်ရှိလာအောင် လုပ်ပေးနိုင်တာက Motivation ပဲဖြစ်ပါတယ်။

ဒါက ကာလတို အတွက် ပဲဖြစ်တာပါ ။ မိမိလုပ်ရတဲ့ အလုပ်က ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်မှု ရှိသလဲ ? ဒါကြောင့် ဒီကိစ္စတွေကို လုပ်ရတယ် ၊ ဆိုတာမျိုး အားပေးလှုံ ဆော်မှု ပြုတာကို Inspiration လို့ ခေါ်ပါတယ် ။ သူက ရေရှည်အတွက်ဖြစ်ပါတယ်။

ဥပမာ- စာမေးပွဲဖြေတယ် ဆိုပါစို့ ၊ စာမေးပွဲ အောင်ဖို့လိုတယ် ၊ ဒီစာမေးပွဲကို ဖြေဆိုနိုင်ရင် ဆက်ပြီး ဘာတွေဆက်လက် ကြိုးစားလို့ရနိုင်မလဲ ဆိုတာမျိုးကိ ခေါ်တာပါ ။ Motivation ဆိုတာမျိုးက စာကျက်ချင်စိတ်ရှိလာအောင် ကာလတိုအတွင်း လုပ်ပေးတာမျိုးကို ခေါ်ပါတယ် ။

Relationship Management မှာ ဆက်ပါလာတာတွေက Developing Other ဖြစ်ပြီး တစ်ခြားသူတွေကို ဖွံ့ဖြိုးတိုးတတ်စေအောင် ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ် ။မိမိကိုယ်တိုင်ရော တစ်ခြားသူတွေ ရေရှည်ဖွံ့ဖြိုးတိုးတတ်အောင် ဆောင်ရွက်ချက်တွေဖြစ်ပါတယ် ။

Influence လို ခေါ်တဲ့ သြဇာလွမ်းမိုးခြင်းလည်း ပါ၀င်ပါတယ်၊ လူတစ်ယောက်က မိမိစိတ်သဘောအရ တစ်ခြားသူက မိမိကို သြဇာလွှမ်းမိုးတဲ့အခါ နောက်ဆုံးမှာ ကောင်းမွန်တဲ့ ရလာဒ်အဖြစ် ရရှိမှသာ စစ်မှန်တဲ့ Influence ဖြစ်ပါတယ် ၊ ဒါမျိုး မရှိတဲ့ အခြေအနေကို အသုံးချခြင်းလို့ပဲ ခေါ်ဆိုတာပါ ။ Change Catalyst ဖြစ်တဲ့ အပြောင်းအလဲကို ဖော်ဆောင်ပေးသူ ၊ အဆင်မပြေတဲ့ ပြသာနာ အရင်းအမြစ်တွေ ၊ Ethic ပိုင်းနဲ့ မသက်ဆိုင်တဲ့ အငြင်းပွားမှု တွေကို စီမံ ဆောင်ရွက်နိုင်ခြင်း ( Conflict Management )လည်း ရှိရမှာဖြစ်သလို ၊ ရင်းနှီးတဲ့ ၊ ကောင်းမွန်တဲ့ သူများနဲ့ ဆက်ဆံရေးတည်ဆောက်ခြင်း( Building Bonds) တို့နဲ့လည်း ပြည့်စုံရမှာဖြစ်ပါတယ် ။

နောက်ဆုံးတစ်ချက်ကတော အားလုံးသိထားပြီးတဲ့ Teamwork & Collaboration ပါ ။ ဒါကလည်း တကယ်မှန်ကန်တဲ့ Teamwork နဲ့ အလုပ်လုပ်တတ်တဲ့စိတ်၊ အတူတကွ ပူးပေါင်းဆွေးနွေးတဲ့ ရလာဒ်မျိုးကို တည်ဆောက်နိုင်ရပါမယ် ။ တကယ်လို့ Collaboration ဖြစ်တယ်ဆိုတာက ဘာမှ မလုပ်ခင်ကတည်းက ပူးပေါင်းဆွေးနွေးဆောင်ရွက်တာကို ဆိုလိုတာပါ ။ ဆုံးဖြတ်ချက် ချပြီးသားကို အတူတကွ လုပ်ကြတာမျိုး မဟုတ်ဘူးဆိုတာကိုလည်း သေချာစွာ နားလည် သဘောပေါက်စေချင်ပါတယ် ။

အထက် တင်ပြခဲ့တာကတော့ Emotional Intelligence Competencies တွေမှာပါ၀င်တဲ့ အချက်တွေပါပဲ ။ ဒီအချက်တွေနဲ့ ပြည့်စုံမှသာလျင် Emotional Intelligence ဖြစ်တဲ့ သူလို့ ဆိုရမှာပါ ။ တစ်ချက်ချက်မှာ လျော့နည်းနေတယ် ၊ မပြည့်စုံဘူး ဆိုရင် Emotional အပေါ်မှာသာ လိုက်ပါ ဆောင်ရွက်နိုင်ကြတဲ့အတွက် Emotional Basic Thinking (EBT) တွေပဲဖြစ်ပါလိမ့်မယ် ၊ ဒါပေမဲ့လည်း လူအားလုံးက အလုံးဆုံးပြည့်စုံတာ မရှိတဲ့အတွက် အကုန်လုံး မပြည့်စုံရင်တောင် မိမိ Emotional Intelligence အားနည်းတဲ့အပိုင်းကို ကြိုးစားပြင်ဆင်ဖို့လိုအပ်ပါတယ် ။

ယခုဆောင်းပါးမှာ ရေးသားချက်များ လိုအပ်ချက်ရှိပါ ကျွန်တော်ရဲ့ မှတ်သားလေ့လာမှု အားနည်းချက်သာ ဖြစ်ပါတယ် ၊ EI (EQ) ကို စီမံခန့်ခွဲမှု ဆိုင်ရာရှထောင်အရ သက်သက်မဟုတ်ပဲ စိတ်ပညာအခြေပြု လေ့လာမှု အရ သုံးသပ်တင်ပြခြင်း ဖြစ်ပါတယ် ။

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply