
PESTEL Analysis
ဒီတစ်ပတ်တော့ HR အကြောင်းပဲ ရေးနေရာကနေ အနည်းငယ်ကွဲပြားစွာ တင်ပြချင်ပါတယ် ၊ HR တွေ အနေနဲ့ကလည်း စီးပွားရေး လုပ်ငန်းတွေ မှာ ပတ်သတ်လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် မိမိ လုပ်ကိုင်လည်ပတ်နေတဲ့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းကို သိထားမှ ဖြစ်ပါလိမ့်မယ် ။
အခုနောက်ပိုင်းခေတ်စားလာတဲ့ HRBP ( Human Resource Business Partner ) တွေ မှာလည်းစီးပွားရေးရာ ဘက်မှာ ပံ့ပိုးမှု လုပ်ကိုင်နိုင်မယ့် နည်းလမ်းတွေပါ ထည့်သွင်းစဉ်းစားလာကြပါပြီ။ မိမိ တို့ HR တွေ အနေနဲ့လည်း စီးပွားရေးရာ ဘက်မှာ မျက်ခြေမပြတ်စေဖို့ ဒီတစ်ပတ် တင်ပြလိုက်ရပါတယ်။
လူတိုင်းက စီးပွားရေးသမားလို့ ဆိုလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက် တွေမှာ လူတိုင်းလူတိုင်းပါ၀င် လုပ်ဆောင်နေကြရလို့ပါပဲ။ လုပ်ငန်းရှင်မှ မဟုတ်ပဲ ၀န်ထမ်းတွေလည်း စီးပွားရေးသမားတွေပါပဲ ၊ မိမိမှာရှိတဲ့ ကာယ၊ညဏတွေကို ရောင်း၀ယ်နေကြရသူတွေပါ ၊ မိမိ လုပ်အား နဲ့မတန်ဘူးထင်ရင် ဒီထက်စျေးပိုပေးတဲ့ သူထံ ရောင်းချဖို့ စဉ်းစားနေကြရတာပါ။
တစ်နိုင် တစ်ပိုင် လုပ်ငန်း ကနေ စီးပွားရေးလုပ်ငန်းစုကြီးတွေအဆုံး ၊လစာစား ၀န်ထမ်းများပါမကျန် အားလုံးသည် စီးပွားရေး လုပ်ကိုင်နေကြသူများ ဖြစ်လို့ ကိုယ့်လုပ်မယ့်အလုပ်တစ်ခုအပေါ်မှာဖြစ်ဖြစ် ၊ စီးပွားရေးလုပ်ငန်း လုပ်မှာပဲ ဖြစ်ဖြစ် မိမိအနေနဲ့ စတင်လုပ်ကိုင်ခြင်းမပြုခင်မှာ ကြိုတင် လေ့လာဆောင်ရွက် သင့်တာတွေက တော့ ရှိနေမှာပါပဲ။
ကျွန်တော်တို့ဆီမှာ လတ်တလောက ခေတ်ပေါ်စီးပွားရေးလုပ်ငန်းတွေများလာတယ် ၊ ဖုန်းဆိုင်တွေ ပုံနေတယ် နေရာတကာ အရက်ဘီယာ ရောင်းချဆိုင်တွေ မလွတ်ဘူး ။ ဒါက ခေတ်စနစ်အရ ပေါ်လာတဲ့ စီးပွားရေးတွေပါပဲ ။ လွန်ခဲ့သော နှစ်များက ခေတ်စားခဲ့တဲ့ ကြောင်စာ ရောင်းချခြင်းက အလုအယက် စျေးကွက် ဝေစုများ လာ လိုက်တာ လမ်းထိပ်က ကုန်စုံဆိုင်တောင် ကြောင်စာ ၀ယ်လို့ရသလောက် လွယ်လာပြီ။
ဒါပေမဲ့ ဘယ်လောက်ကြာ တည်မြဲနေမလဲ ဆိုတာကို တွေးကြည့်လိုက်ပါ။ ရေသန့်ရောင်းချဖို့ စွန့်ဦးတည်ထွင်သူတွေ အောင်မြင်ကြသလား ? လက်ရှိ ရေသန့်စျေးကွက် ရဲ့ ဦးဆောင်သူတွေက ဒီစျေးကွက်ကို စွန့်ဦးတီထွင်သူ တွေလား ဆိုတာကို ပြန်လည် သုံးသပ်ကြည့်ခြင်းအားဖြင့် ရေရှည် အောင်မြင်မှု မရှိတဲ့ ခေတ်ပေါ်စီးပွားရေးလုပ်ငန်းတွေကို မြင်တွေ့နိုင်ပါတယ်။ နောက်ပိုင်း ငွေကြေးအင်အား တောင့်တင်းသူက သိမ်းပိုက်ခြင်း ခံလိုက်ရမှာဖြစ်သလို ၊ တီထွင်ဆန်းသစ်ခြင်းနဲ့ နည်းပညာ ၊ စျေးနှုန်းနဲ့ သယ်ယူပို့ ဆောင်ရေး ကွာခြားသူက သာစမြဲဆိုတဲ့ သဘောတရားတစ်ခုမျှသာ။
ခေတ်ပေါ်စီးပွားရေးကို လူတိုင်းလိုက်လုပ်ကြတယ်၊ ခက်တာက ရေရှည်တည်မြဲဖို့ စဉ်းစားထားသင့်တဲ့ အချက်တွေကို မေ့နေကြတာပါပဲ ။ စူပါမားကတ် တွေ အစပိုင်း တော်တော်များများ ပေါ်လာတာ ရှိပေမဲ့ လက်ရှိ အောင်မြင်နေသူက ဘယ်သူဖြစ်မလဲ ? နိုင်ငံတကာ စီးပွားရေးလုပ်ရပ်၀န်း ကျယ်ပြန့်လာတာနဲ့အမျှ ကျွန်တော်တို့ဆီက သူတွေလည်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ပတ်သက်ပြီး ပိုမို မျက်စီ ကျယ်လာ ဖို့လိုပါတယ်။ နောက်ပြီး စီးပွားရေးကို စနစ်တကျ လုပ်ကိုင် နိုင်မယ် ဆိုရင်လည်း လူတိုင်းအတွက် အကောင်းဆုံးအခြေအနေဖြစ်အောင် တည်ဆောက်နိုင်မှာပါ။ ဒီတော့ မိမိ စတင်လုပ်တော့မယ် အလုပ် ၊ စီးပွားရေးလုပ်ငန်း တွေအပေါ်မှာ အရင်ဆုံး လေ့လာသုံးသပ်ရမယ့် လေ့လာစမ်းစစ်ချက် PESTEL Analysis ကို တင်ပြချင်ပါတယ်။
စီးပွားရေးလုပ်တဲ့အခါမှာ အရာရာကို ကြိုတင်တွက်ဆ ထားနိုင်မှသာ တော်ကာ ကျပါလိမ့်မယ် ၊ ကိုယ်လုပ်ချင် တဲ့ စီးပွားရေးလုပ်ငန်းမျိုးဟာ ခေတ်စနစ်ရဲ့ အနေအထားနဲ့ ဘယ်လောက်ထိ ကြာရှည်ခံနိုင်မလဲ ဆိုတာ ကြိုတင်တွေးထားမိဖို့လိုပါတယ်။ ခုတလော ခေတ်စားလာတာတွေက Online Shopping တွေများလာပါ တယ်။ စျေးကွက်အနေအထားအရ လူမှုကွန်ယက်အသုံးပြုသူတွေ များလာလို့ Online Shopping တွေ အစပိုင်းက ထင်သလောက်အလုပ်ဖြစ်ခဲ့တယ် ။ ခုနောက်ပိုင်းမှာတော့ E- pay System တစ်ခု ကောင်းကောင်း အကောင် အထည်ဖော်နိုင်မှ သာ အဆင်ပြေတဲ့မယ့် ပုံပါ။ဒီတော့ ဘာစီးပွားရေးပဲလုပ်လုပ် အရင်ဆုံး စတင် စဉ်းစားရမှာက PESTEL Analysis လို့ခေါ်တဲ့ လေ့လာသုံးသပ်ချက်တွေကို အရင်ဆုံးစဉ်းစားကြည့်ဖို့ လိုပါတယ်။ ကိုယ်ပိုင်လက်လုပ်လက်စား တစ်ဦးတစ်ယောက်ချင်း စီးပွားရေးမှသည် အများပိုင် စီးပွားရေး လုပ်ငန်းစုများ အထိ ဒီလေ့့လာသံုံးသပ်ချက်များကို အသုံးပြုနိုင်ပါတယ်။
ဒါတွေကတော့
P-Political Factor
E- Economic Factor
S- Social Factor
T- Technical Factor
E- Environment Factor
L-Legal Factor တွေပဲဖြစ်ပါတယ်။
ဒီအချက်တွေပေါ်မှာပဲ အခြေခံပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်တာ ဖြစ်ဖြစ် ၊ ထပ်မံတိုးချဲ့တာ ၊စျေးကွက်ဝေစု ရှာဖွေတာ တွေ တွက်ဆထားရမှာပါ။
Political Factor လို့ဆိုတဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်များဟာ စီးပွားရေးမှာ ထိရောက်မှု အများဆုံးနဲ့ သက်ရောက်မှု အပြင်းထန်ဆုံး အခြေအနေတွေကို ဖန်တီးနိုင်ပါတယ်။ အစိုးရတစ်ရပ်ရဲ့ ရပ်တည်မှု ၊ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်၊ရေရှည်စီမံကိန်း တွေပေါ် မူတည်ပြီး စျေးကွက်အတွင်းမှာ အတတ်အကျတွေ ဖြစ်တည်လာတာ အများဆုံးပါပဲ ။
လက်ရှိကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံမျိုးလို နိုင်ငံတွေအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ များလာတာနဲ့ စျေးကွက်အတွင်းမှာ သက်ရောက်မှုတွေပိုများလာပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ ဦးဆောင်မှုကြောင့် လမ်းပွင့်လာတာတွေက အနောက်ဥရောပနဲ့အတူ စျေးကွက်အသစ်တွေ ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းတွေ ပိုပြီးပေါများလာတာ မိမိအနေနဲ့ ဘယ်လို အသုံးချမလဲ ဆိုတာက ခေတ်ပေါ် စီးပွားရေး ခြေလှမ်းတွေပဲဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ကြတဲ့ နိုင်ငံတော်တေ်ာများများမှာ အစိုးရသစ်တစ်ရပ် ရွေးကောက်ခံရခြင်းမပြုမီ ရွေးကောက်ပွဲ ဆိုင်ရာ ကတိဂ၀တ်များကို လေ့လာပြီး လုပ်ငန်းလုပ်ဆောင်နိုင်ကြပါတယ်။
ဥပမာ – အမေရိကန် သမ္မသစ် ဒေါ်နယ်ထရမ့် မတတ်မီ မက္ကဆီကို နယ်စပ် အုတ်တံတိုင်းကာရံခြင်းနဲ့ပတ်သတ်ပြီး အတိအလင်း ကြေညာကာ ရွေးကောက်ပွဲ၀င်ခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဒီကိစ္စရပ်ကို အကောင်အထည်ဖော်ရာမှာ ဘိလပ်မြေလုပ်ငန်းအများအပြားအတွက် အကျိုး များစွာ ရရှိခဲ့သလို စတော့စျေးကွက်မှာလည်း မြင့်မားတဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိခဲ့တာပါ။ ဒါတွေဟာ အစိုးရတစ်ရပ်ရဲ့ ရပ်တည်မှု ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအပေါ်မှာ မူတည်ပြီး ထည့်သွင်း စဉ်းစား ရမယ့် အချက်အလက်တွေပဲဖြစ်ပါတယ်။
Economic Factor – စီးပွားရေးဆိုင်ရာ အချက်အလက်များနဲ့ ချမှတ်ထားတဲ့ လမ်းညွန်ချက်များကို ထည့်သွင်း စဉ်းစားရမှာပါ။ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ကြည့်ရင် ငွေကြေးခိုင်မာ မှု ၊ စီးပွားရေးဆိုင်ရာ အခြေခံအချက်အလက်များ ၊ စတာတွေဟာ အရေးပါသလို ထည့်သွင်းစဉ်းစားရပါတယ်။
စျေးကွက်အခြေအနေ ဘယ်လိုရှိသလဲ ၊ဘယ်ပစ္စည်းတွေက စျေးကွက်တည်ငြိမ်မှု အခြေအနေရှိနေမလဲ ? ငွေကြေးဖောင်ပွမှုနှုန်း ၊ငွေကြေးတန်ဖိုးဒါတွေက စျေးကွက်အတွင်းက အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရမယ့်အချက်တွေပါပဲ နောက်ပြီး အခွန်သတ်မှတ်ချက်တွေ ၊ ဘဏ်တိုးနှုန်း အစရှိတာတွေနဲ့ စီးပွားရေဆိုင်ရာ ရွေ့လျားမှု ကို ခန့်မှန်းတွက်ဆထားနိုင်မှဖြစ်ပါမယ် ။ မြန်မာနိုင်ငံအနေနဲ့ လယ်ယာစိုက်ပျိုးရေးမှာ စက်မှုလယ်ယာ စိုက်ပျိုးရေးကို ဦးစားပေးမယ်ဆိုရင် စက်မှု ပစ္စည်း ထုတ်လုပ်ရေးနဲ့ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး ကို ဦးစားပေးဆောင်ရွက်မလားဆိုတာကို ခန့်မှန်းတွက်ဆ ထားနိုင်ပါတယ်။
Social Factor – ဆက်ပြီးစဉ်းစားရမှာက လူမှုရေးရာ အချက်အလက်တွေပါ ၊ ဒါတွေကတော့ အလုပ်နဲ့ သက်ဆိုင်တဲ့ ကျင့်၀တ်တွေ ၊ လူမှုရေးရာအချက်အလက်များဖြစ်တဲ့ (ဥပမာ – ကျား /မ ၊ လူကြီး လူငယ် ၊အလေ့အကျင့် ၊နေရာဒေသ ၊လူဦးရေး အချိုး ) အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရမှာပါ ။
နောက်ပြီး စားသုံးသူတွေရဲ့ အမူအကျင့်များနဲ့ သဘောထားများ ၊ နေထိုင်မှု ဘ၀ပုံစံ ၊ စားသုံးသူများကို လွမ်းမိုးနိုင်မှုများ အစရှိတာတွေကို ထည့်သွင်းတွက်ချက်ရတာတွေ ရှိလာပါတယ်။ ရေသန့်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း အတွက် ရေသန့်ဘူး သောက်သုံးမှု အခြေအနေများတဲ့ မြို့ပြလိုနေရာမျိုးမှာ စျေးကွက် အခြေအနေပိုကောင်းနိုင်သလို ၊ ကျေးရွာ တွေ နယ်မြို့တွေမှာတော့ စျေးကွက်အခြေအနေ အခွင့်အလမ်း ပိုနည်းနိုင်ပါတယ်။
လူတစ်ဦးချင်းရဲ့၀င်ငွေအပေါ် တိုင်းတာမှုတွေကလည်း လူမှုရေးရာ အချက်အလက်တွေ ထဲပါ၀င်ပါတယ်။ ဘာသာတရား ၊ယဉ်ကျေးမှု ဓလေ့ထုံးထမ်းများနဲ့လည်း စားသုံးသူများရဲ့ အခြေအနေကို ထည့်သွင်းတွက်ချက်နိုင်ပါတယ်။ ဒါတွေက လူမှုရေးရာ အချက်အလက်တွေပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက နံနက်ခင်း မုန့်ဟင်းခါးစားသုံးခြင်းကို ကြိုက်နှစ်သက်သလို ရိုးရာ အစားအစာလည်း ဖြစ်တာကြောင့် စားသုံးသူများပါတယ် ။ ဒါကြောင့် နံနက်စာ စားသုံးမှုမှာ မုန့်ဟင်းခါးစားသုံးသူဦးရေ ဟာ သုံးပုံ တစ်ပုံခန့်ရှိနေပါတယ်။ ဒါက အလေ့အကျင့်နဲ့ သက်ဆိုင်တဲ့ ဥပမာ တစ်ခုလောက်ပါပဲ ။
Technical Factor – နည်းပညာအရွေ့တစ်ခုက ခေတ်ပေါ်စီးပွားရေးအတွက် အခွင့်အလမ်းနဲ့ ဆုံးရှံံံးမှု အများဆုံး ဖြစ်စေပါတယ်။ နည်းပညာခေတ်လို့သတ်မှတ်ထားတဲ့ ကျွန်တော်တို့ဆီမှာ ထုတ်ကုန်တစ်ခုအပေါ် ၀န်ဆောင်မှု အပေါ်မှာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။
မိုဘိုင်းဖုန်းလောကမှာ နိုကီယာ ကျရှံးခြင်းဟာ နည်းပညာခေတ်ရဲ့ အတတ်အကျကို ပိုမိုပီပြင်စေပါတယ်။ လူတိုင်းလိုအပ်ချက်ဖြစ်လာတဲ့ SMATR Phone စျေးကွက်အတွက် အသစ်တွေ မဖန်တီးနိုင်ဘူး ဆိုရင် မိမိလုပ်ငန်းရဲ့ စျေးကွက်ဝေစုကို ခွဲပေးလိုက် ရမှာဖြစ်သလို ကျရှံးခြင်းကို ဦးတည်နေပါတယ်။ ကျွန်တော်တို့ဆီမှာ မော်ဒယ်မြင့်ကားတွေ တင်သွင်းခွင့် ရလာတာနဲ့အမျှ ကွန်ပျူတာ စနစ်တွေတည်ဆောက်ထားတဲ့ ကားတွေ များလာတာနဲ့အမျှ ပုံမှန်ကားပြုပြင် ရေးလုပ်ငန်းတွေအနေနဲ့ မော်တော်ကားတစ်စီး ပြုပြင်ဖို့ Computer Box အသံုံးပြုတဲ့နည်းပညာကို မလိုက်မီခဲ့ရင် စျေးကွက်မှာ မိမိကျန်ခဲ့တော့မှာဖြစ်ပါတယ်။
ဒါက နည်းပညာကို မီးမောင်းထိုးပြနေတဲ့ စီးပွားရေးရဲ့အရွေ့တစ်ခုဖြစ်ပါတယ်။ တစ်ဆက်တည်း မော်တော်ယာဉ် အပိုပစ္စည်းတွေ တင်သွင်းခွင့် ရလာနဲ့အမျှ ပြုပြင်ရေးလုပ်ငန်းတွေမှာ အသုံးပြုမှုနည်းပါးပြီး အသစ်တပ်ဆင်မှုတွေကြောင့်လည်း လုပ်ငန်း နည်းပါးလာတာတွေ ကြုံတွေ့နေရတာပါ။ ဒါက နည်းပညာနဲ့သက်ဆိုင်သလို အစိုးရရဲ့ မူဝါရရေးရာ ပိုင်းဖြစ်တဲ့ Political Factor ကို ထောက်ပြနေတာပါ ၊ ဒါကြောင့် ဒီအချက်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ နောက်ပြီးနည်းပညာသစ်တွေ အနေနဲ့ အသိညဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်တွေ ဘယ်လောက်အားကောင်း သလဲဆိုတာကိုလည်းသွင်းတွက်ချက်ရမှာပါ။
ဒီအချက်တွေနဲ့နည်းပညာအရွေ့တစ်ခုအပေါ်မှာ ခေတ်ပေါ်စီးပွား ရေး ကို ဆောင်ရွက်ကြတာပါ။ Mobile Game တွေ အားကောင်းလာနဲ့အမျှ ကျွန်တော်တို့ဆီက P-2 ဂိမ်းတွေ စျေးကွက်ပျက်သုန်းတာကို နိုင်ယဉ်ကြည့်နိုင်သလို ၊ Online Game တွေ အသုံးပြုသူများလာတာလည်း နည်းပညာဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့် အချက်ပါပဲ။
Environment Factor – ခေတ်ပေါ်စီးပွားရေး အရွေ့တစ်ခုမှာ ဒီအချက်ကလည်း ထည့်တွက်ထားရမယ့် အချက်တစ်ခုပါပဲ ။ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနဲ့ ဒီအချက်ကို သိသာစွာ အလေးထားစွာ မရှိကြပါဘူး။ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ စံသတ်မှတ်ချက်တွေရှိသလား ? ကာဗွန် ပါ၀င်မှု ဘယ်လောက် သတ်မှတ် ထားသလဲ ? ဆိုတာမျိုးက လုပ်ငန်းစုတွေ မှာ ထည့်သွင်းစဉ်းစာရမယ့် အချက်ဖြစ်သလို ၊ တစ်ဦးတစ်ယောက်ချင်း စီးပွားရေးမှာလည်း ပတ်၀န်းကျင်ကို လေ့လာ ရမှာပါ။
ဥပမာ – စားသောက် ကုန်လုပ်ငန်း ရောင်းချသူများအနေနဲ့ ညော်နံ ၊ရေးဆိုးစွန့်ပစ်မှု အစရှိတာတွေ ကိုလေ့လာ လုပ်ကိုင်ရမှာပါ။ ပတ်၀န်းကျင်နဲ့ သက်ဆိုင်ရာကို လွယ်လွယ်ပြောရရင် ကိုယ်လုပ်ကိုင်မယ့် အလုပ်အတွက် ပတ်၀န်းကျင် ထိခိုက်မှုရှိမရှိ ၊ ဖြစ်ပေါ်ခဲ့ရင် ကြိုတင် ကာကွယ်နိုင်မှု အခြေအနေ ၊ တိုင်တောမှုတွေမဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစာလို့ရနိုင်ပါတယ်။ လက်ရှိခေတ်ပေါ်စီးပွားရေးမှာ မော်တော်ကားတင်သွင်းခွင့့်နဲ့ပတ်သတ်ပြီး ကာဗွန်ထုတ်လွှတ်မှု များတဲ့ ကားတွေ တင်သွင်းခွင့် မပြုဘူးဆိုရင် ဒါက Environment Factor ကိုထည့်သွင်းစဉ်းစားထားတာ ဖြစ်ပါတယ်။
Legal Factor – ကျွန်တော်တို့ နိုင်ငံကို နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေ အားနည်းနေတာလည်း ဒီအချက်တွေ ပါ၀င်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု ရင်းနှီးမြှပ်နှံမှုတွေ လုပ်တဲ့နေရာမှာ ဥပဒေရေးရာ ပြဌာန်းမှုတွေက အရေးပါပါတယ်။ ကိုယ်လုပ်ငန်းအပေါ် လုံခြုံစိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှု လုပ်ငန်းလုပ်ကိုင်လိုသူတိုင်း လိုချင်ကြတာပါပဲ ။
ဥပမာ – တေးသီချင်း ထုတ်လုပ်သူများအနေနဲ့ ခိုးကူးရောင်းချမှုကို ဥပဒေအရ ထိရောက်အောင် အကောင်အထည်ဖော်ပေးနိုင်တဲ့ ဥပဒေမျိုးကိုလိုအပ်ပါတယ်။ ဥပဒေကိုအကောင်အထည် ဖော်ရာမှလည်း ထိရောက်မှု ရှိဖို့လိုအပ်ပါတယ်။ ကိုယ်လုပ်မယ့် လုပ်ငန်းအတွက် လိုအပ်မယ့် ဥပဒေ ရေးရာတွေ အားကောင်းမှ လုပ်ကိုင်ရတာ စိတ်ချလုံခြုံမှု ရှိသလို လုပ်ရဲ ကိုင်ရဲ စိတ်လည်း ရှိမှာပါ။
နောက်တစ်ခုက အလုပ်ရှင်တိုင်း ကြုံတွေ့နေကျ အလုပ်ရှင်/ အလုပ်သမား ပြသာနာတွေကို ဖြေရှင်း ဆောင်ရွက်ဖို့ တိကျတဲ့ ဥပဒေ ပြဌာန်းချက်တွေ အားကောင်းဖို့လိုပါတယ်။ ကျွန်တော်တို့ဆီမှာက အလုပ်သမား ရေးရာ ဥပဒေတွေအတွက် ပြဌာန်းထားပေမဲ့ ရောထွေးနေတာတွေ က များပါတယ်။ အနည်းဆုံး လုပ်ခ လစာတောင်က သတ်မှတ်ပြဌာန်းထားတာ မကြာသေးပါဘူး ။
ဒီလို ပြသာနာတွေ မဖြစ်စေဖို့ ဥပဒေရေးရာတွေ ပြဌာန်းသူများ အနေနဲ့ ဖြစ်စဉ်တွေ အပေါ်မှာ အရေးယူမှုတွေကိုပါ ကွင်းဆင်းစစ်ဆေး ပြဌာန်းထားဖို့လိုပါတယ်။ တစ်လောက စက်မှုဇုံတစ်ခုမှာ ဖြစ်တဲ့ ပြသာနာလေးတစ်ခုကို ဥပမာထား တင်ပြချင်ပါတယ်။ စက်ရုံမြေက လယ်ယာတွေကို သိမ်းပြီး ဆောက်ထားတယ်လို့ဆိုကာ စက်ရုံအ၀ကို ပိတ်ပြီး ဆန္ဒတွေပြတယ် ၊ လျော်ကြေးတောင်းတယ် ။ ဒါတွေကို ဖြေရှင်းဆောင်ရွက်ရမှာ ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ဖို့ပါ။
လုပ်ငန်းလုပ်ကိုင်ခြင်းမပြုမီ ဆောက်လုပ်ထားတဲ့ စက်ရုံမြေနေရာ ပိုင်ဆိုင်မှုတွေဟာ အစိုးရက ဥပဒေနှင့်အညီ ချမှတ်ပေးထားတယ် ဆိုရင် ဒီအငြင်းပွားမှုကို သက်ဆိုင်ရာဌာန နဲ့သာ ရှင်းရမှာပါ။ ခုလို ပိတ်ဆို့မှုမျိုး လုပ်မယ် ဆိုရင် အကျိုးမရှိ နစ်နာစေပါတယ်။ ဒါမျိုးအတွက် အရေးယူဆောင်ရွက်ရမယ့် ဥပဒေတွေကို သေချာစွာ အကောင်အထည်ဖော်နိုင်ပြီးလားဆိုတာပါ ထည့်သွင်းစဉ်းစားရမှာပါ။
ပြဌာန်းထားယုံအပြင်လိုက်နာဆောင်ရွက်ဖို့ အကောင်အထည်ဖော်ရာမှာလည်း သက်ဆိုင်ရာဌာနများအနေနဲ့ တာ၀န်ရှိပါတယ်။ ဥပဒေ အသက်မ၀င်ဘူး ဆိုတာကလည်း အကောင်အထည်ဖော်မှု အားနည်းတာကြောင့့်ပါ။ ခေတ်ပေါ်စီးပွားရေး လုပ်ကိုင်တဲ့ အခါ ဒီအချက်က သေချာလေ့လာရမယ့် အချက်ပါပဲ။
အထက်ပါ အကြောင်းအရာတွေက လူတိုင်း လူတိုင်း စီးပွားရေးလုပ်ကိုင်တဲ့အခါ သိထားသင့်တဲ့ အချက်အလက်တွေဖြစ်သလို စီးပွားရေးလုပ်တဲ့အခါ ထည့်သွင်းစဉ်းစားရတဲ့ အခြေခံအကြောင်းတရား တွေပဲဖြစ်ပါတယ်။
HR တွေ အနေနဲ့ကော PESTEL နဲ့ ဘာတွေ ချိန်ထိုးပြီး ၀န်ထမ်းရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်နိုင်ပြီလဲ ?
Legal Change မှာ အလုပ်သမား ဥပဒေတွေ ဘာတွေဖြစ်မလဲ ၊ ပိုပြီးအားကောင်းလာမလား ?
ပတ်၀န်းကျင် society ရဲ့ HR Input က ဘာဖြစ်မလဲ ?
နည်းပညာ အပြောင်းအလဲတွေက ၀န်ထမ်းရေးရာ လုပ်ငန်းစဉ်တွေကို ဘယ်လိုပံ့ပိုးပေးနိုင်မလဲ?
အစရှိတဲ့ တွေးတော ကြံဆချက်တွေနဲ့ ကြိုတင်စဉ်းစားထားရင်ဖြင့် အပြောင်းအလဲတစ်ခုကို သေချာစွာ ကိုင်တွယ်နိုင်ကြပါစေ …
ရေးသားသူ – Htain Lin Kyaw (HR)



