Back

လုပ်ငန်းခွင်အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိလာတဲ့အခါ သင်ဘယ်လိုကိုင်တွယ်မှာလဲ ?

လုပ်ငန်းခွင်ထဲက များစွာလှသော ပြသာနာတွေကို ရှင်းလင်းရတဲ့အခါ သတိထားမိလာတာ တစ်ခုကိုရှိပါတယ်။တစ်ချို့သော ပြသာနာတွေက ၀န်ထမ်းတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို တိုက်ရိုက် ဖောက် ဖျက်ကျူးလွန်တာ တွေကို အရေးယူဆောင်ရွက်လို့ရတာ ရှိပေမဲ့ ၀န်ထမ်းအချင်းချင်း ခွဲခြားဆက်ဆံတာ ၊ မမှန်စကား ပြောတာ အစရှိတာတွေက သိပေမဲ့ ဖြေရှင်း ဆောင်ရွက်ရခက်ခဲတဲ့ အပိုင်းဖြစ်ပါတယ် ။လုပ်ငန်းခွင်ထဲမှာ မတူညီတဲ့ ပညာအရည်အချင်း ၊ သင်ယူလေ့လာမှု ၊ ကျွမ်းကျင်တတ်မြောက်မှုတွေက မတူညီတဲ့ လုပ်ငန်းတာ၀န် ၊ ရာထူးတာ၀န်တွေအဖြစ် ခွဲဝေ သတ်မှတ်ထားခြင်းခံရစေပါတယ် ။ ဒီအပေါ်မှာ တစ်ချို့သော ၀န်ထမ်းတွေက ဒီရာ ထူးတာ၀န်တွေအပေါ်မှာ မူတည်ပြီး ၀န်ထမ်းအချင်းချင်း ခွဲခြား ဆက်ဆံ တာ တွေ လုပ်ငန်းခွင်ထဲမှာ ရှိလာတဲ့အခါ ကိုင်တွယ်ဖြေရှင်းရခက်ခဲပါတယ် ။

တစ်ချို့သော ခွဲခြားဆက်ဆံမှုတွေ ၊အဆင့်တန်းခွဲခြားမှုတွေက ထိရောက်တဲ့ ပြစ်မှုမျိုး မရှိတဲ့အတွက် အရေးယူဆောင်ရွက်ရတာ ခက်ခဲသလို ၊ပြောဆို သွန်သင်ဖို့ရာလည်း လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ထိပါးစေမှာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ မိမိတာ၀န်ယူနေရတဲ့ လုပ်ငန်းခွင်ထဲမှာ ဒိလို အခြေအနေမျိုးတွေ ရှိလာပြီဆိုရင် ဘယ်လို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အရေးပါလာပါတယ် ။ ဒါကလည်း လူတစ်ယောက်ချင်းစီအလိုက် တည်ရှိနေတဲ့ လူသားဆန်မှု ၊ စာနာစိတ် ၊ ပွင့်လင်းဖော်ရွေမှု နဲ့ သက်ဆိုင် နေတာကြောင့် အဆင့်အတန်းဆိုတဲ့ စကားလုံးကို သတ်မှတ်ရာမှာ ကွာခြားသွားပါလိမ့်မယ် ။

ဒီတော့ အောက်က ဥပမာ ပေးထားတာလေးကို တစ်ချက် ကြည့်ရအောင် ……

သင့်က ယာဉ်မောင်း ၀န်ထမ်း တစ်ယောက် ဆိုပါစို့ ၊ နေ့လည် ၀န်ထမ်းတွေ အားလုံး ထမင်းစားချိန် အတွင်းမှာ ထမင်းစားခန်းထဲ ရောက်လာမယ် ၊ လူများနေတာကြောင့် ထမင်းချိုင့်လေး ယူပြီး အနီးဆုံး လွတ်နေတဲ့ ခုံလေးမှာ ၀င်ထိုင်ပြီး ထမင်းစားဖို့ ပြင်ဆင်တဲ့အခါ ….. သင့်ဘေးက မန်နေဂျာ အမျိုးသမီးတစ်ယောက်က လာထိုင်တဲ့ သင့်ကိုတစ်ချက် ကြည့်ပြီး တစ်ခြား ထမင်းစားပွဲ လွတ်နေတဲ့ နေရာကို ပြောင်းသွားတယ် ဆိုပါစို့ ….

မေးခွန်းလေးတွေကို မိမိဘာသာစိတ်ထဲမှာဖြေကြည့်ပေးပါ ….

၁။ သင်က ဒီအခြေအနေမှာ ဘယ်လိုခံစားရမလဲ ?

၂။ ဒီဖြစ်ရပ်အပေါ် တစ်ခြား ၀န်ထမ်းတစ်ယောက်အနေနဲ့ဘယ်လိုမြင်သလဲ ?

၃။ သင်က သူတို့အားလုံးကို စီမံခန့်ခွဲနေရတဲ့ သူတစ်ယောက် ဆိုရင်ကော ဘယ်လို ထင်မြင်ဆောင်ရွက်မိမှာလဲ?

သင့်စိတ်ထဲမှာ သာအဖြေ ပေးရင်း ဆောင်းပါးလေးကို ဆက်ဖတ်ပေးပါ …

ဒီလို ပုံစံတူ ဖြစ်ရပ်မျိုး မိမိ လုပ်ငန်းခွင် အတွင်းမှာဖြစ်ဖူး ၊မြင်ဖူးကြမှာပါ ၊ ဒီလိုအခြေအနေမျိုးကို ကိုင်တွယ် ဖြေရှင်းရာမှာ ပြစ်မှု မြောက်တဲ့ ဖြစ်ရပ်မျိုး တိုက်ရိုက်ဖြစ်စေတာ မဟုတ်တဲ့အတွက် လူတစ်ယောက် ချင်းစီ ရဲ့ စိတ်နဲ့သာ သက်ဆိုင်တယ် လို့ တော်တေ်ာများများက ပြောဆိုကြပါလိမ့်မယ် ၊ အခြေခံအားဖြင့် တော့ မှန်ကန်ကောင်း မှန်ကန်ပါလိမ့်မယ် ။ ဒါပေမဲ့ အဆင့်အတန်း ခွဲခြားတာဟာ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ ခွဲခြားမှုလို လုပ်ငန်းခွင်အ တွင်းဖြစ်စေတဲ့ ပြစ်မှု အဖြစ် သတ်မှတ်လို့ မရတာကြောင့် သေချာစွာ မစီမံနိုင် ဘူးဆိုရင် ရေရှည်မှာ အဖွဲ့အစည်းအတွက် ဆိုးကျိုး ဖြစ်လာနိုင်တဲ့ အချက်အလက်တွေ ရှိလာပါတယ် ။၀န်ထမ်းတွေ အနေနဲ့ ရာထူးဆိုတာ တာ၀န်ဖြစ်တယ်ဆိုတာ သေချာစွာမသိသေးတဲ့အခါ မိမိ လုပ်ငန်းခွင်မှာ ဖြစ်လာနိုင်လာတာတွေက

၀န်ထမ်းအချင်းချင်းဆက်ဆံရေးပျက်ယွင်းခြင်း

အုပ်စုဖွဲ့ သီးခြား နေထိုင်လုပ်ကိုင်လာခြင်း

ပူးပေါင်းဆောင်ရွက်လိုစိတ် လျော့နည်းခြင်း

အခြေခံ ၀န်ထမ်းငယ်များ အတွက် စိတ်ပိုင်းဆိုင်ရာ လျော့နည်းအားကျလာခြင်းနဲ့

အဖွဲ့အစည်းပေါ် ယုံကြည်မှု နည်းပါးလာခြင်းတို့ကို ရင်ဆိုင် ရလာနိုင်ပါတယ် ။

ဒီပြသာနာမျိုးက အခြေခံ ၀န်ထမ်းငယ်တွေနဲ့ တစ်ခြား၀န်ထမ်းတွေဆီမှာသာ ဖြစ်ကြတာ မဟုတ်ပါဘူး။ ပညာအရည်အချင်း ၊ ငွေကြေးဓန ပိုင်းဆိုင်ရာ သာလွန်မှု တွေအပေါ်မှာလည်း အဆင့်အတန်း ခွဲခြား မှုတွေကို ပြုလုပ်ကြတာလည်း တွေ့ရတတ်ပါတယ် ။ ဒီတော့ မိတ်ဆွေ အနေနဲ့ ဒီအပိုင်းကို ကိုယ်တွယ် ဖြေရှင်းရာမှာ အသုံးပြု ဆောင်ရွက်လို့ ရမယ့် အချက်အလက် တစ်ချို့ တင်ပြချင်ပါတယ် ။

– လုပ်ငန်းခွင်အတွင်း စတင်၀င်ရောက်လာတဲ့ ၀န်ထမ်းသစ်တွေကို ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သေချာရှင်း လင်းအောင် ပြောဆို ပေးပါ ။ မိမိတို့ လုပ်ငန်းအတွင်း အဆင့့်အတန်းခွဲခြားခြင်းကို လက်မခံ ကြောင်းနဲ့ ဒါကို စောင့်ကြည့် ကိုင်တွယ်နေကြောင်း တိကျစွာ သိရှိဖို့ လိုပါတယ် ။ မိမိတို့ အဖွဲ့အစည်းက ၀န်ထမ်းတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးကို အလေးထားကြောင်း ပေါ်လွင်ပါစေ ။

– ၀န်ထမ်းအားလုံးရဲ့ နှစ်စဉ် အကဲဖြတ်မှု မှတ်တမ်းတွေမှာ ဒီအချက် ထည့်သွင်း အကဲဖြတ်လို့ရပါတယ် ၊ ဒါကိုလည်း ၀န်ထမ်းအားလုံးကို သေချာစွာ အသိပေးထားပါ ။ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု အဆင့်အတန်းခွဲခြားမှုတွေကို ၀န်ထမ်းအချင်းချင်း ပြန်လည် အကဲဖြတ်မှုတွေ ပြုလုပ် ဆောင် ရွက်ပေးလို့ရပါတယ် ။

– အခါအားလျော်စွာ ဒါနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲလေးလုပ်ပေးပါ ၊ လုပ်ငန်းခွင်အတွင်းက လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်မှု ၊ ခွဲခြားဆက်ဆံခြင်း ၊အဆင့်အတန်းခွဲခြားခြင်း ၊ ယုံကြည် ကိုးကွယ်မှု ကို ခွဲခြား ဆက်ဆံခြင်းတွေ နဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲတွေ ၊ အသိပညာ ပေးပွဲတွေ ပြုလုပ် ဆောင် ရွက်ပေးပါ ။

– ၀န်ထမ်းတစ်ယောက်ချင်းစီရဲ့ တန်ဖိုးကို အလေးထားကြောင်းပြသပါ ။ လူသားဆန်တဲ့ အပြုအမူမျိုးက အဖွဲ့အစည်းအတွင်းအရေးကြီးကြောင်းနဲ့ အဆင့်အတန်းဆိုတဲ့ ဝေါဟာရ အပေါ် တိကျတဲ့ သတ်မှတ် ချက်မျိုး ဖော်ဆောင်ပေးပါ ။ လုပ်ငန်းအတွင်းမှာ ရှိရမယ့် Ethic (ကျင့်၀တ်) နဲ့ လူအသိုက်အ၀န်းမှာ ထားရှိသင့်တဲ့ ကျင့်၀တ်များကို နားလည်စေရန် ဖော်ဆောင်ပါ ။

– အကယ်၍ အဆင့်အတန်းခွဲခြားမှု မျိုး ပြုလုပ်ခံရပါက အားပေးနှစ်သိမ့်ခြင်း အစီအစဉ်များ ပြုလုပ် ပေးနိုင်ပါတယ် ။ ဒါတွေက ဆောင်ရွက်လို့ရနိုင်မယ့်နည်းလမ်းတစ်ချို့ပါ ၊

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကြုံတွေ့ရတတ်တာလေးကိုတစ်ခုပြောချင်ပါတယ် ၊ အထက်ကပေးခဲ့တဲ့ ဥပမာဖြစ်တဲ့ မန်နေဂျာ အမျိုးသမီးနဲ့ ယာဉ်မောင်း တို့ဖြစ်စဉ်မှာ အခြေအနေတစ်ချို့ ထည့်သွင်းပေးချင်ပါတယ် ။ ဒါက တော့ ထမင်းစားဖို့ လာထိုင်တဲ့ ယာဉ်မောင်းက ချွေးနံ့ နဲ့ ကိုယ်နံ့ဆိုးက ထွက်နေမယ် ၊ မန်နေဂျာ အမျိုးသမီးကလည်း အရမ်းအသန့်ကြိုက်သူ ဖြစ်နေခဲ့မယ် ဆိုရင် ကျွန်တော်တို့စဉ်းစားမိတဲ့ ရှထောင့် ပြောင်းလဲ သွားနိုင်ပါတယ် ။ဒီလိုဖြစ်စဉ်မျိုးလည်းဖြစ်တတ်သလို ၊ အဆင့်အတန်းခွဲခြားသူ တို့ရဲ့ လျောက်လဲ ချေပချက်လည်းဖြစ်နေတတ်တာကို သတိပြုမိစေလိုတာကြောင့်ပါ ။

လုပ်ငန်းခွင်တွေမှာ ယာဉ်မောင်း၊အထွေထွေ လုပ်သားတွေ ၊သန့်ရှင်းရေး ၀န်ဆောင်မှု ဆောင်ရွက်သူ တွေ နဲ့ အတူမထိုင်ဘူး ၊ထမင်းအတူမစားဘူး ၊ ရင်းနှီး ဖော်ရွေစွာ စကားပြောရတာ နိမ့်ပါးတယ် လို့ယူဆသူ တစ်ချို့ကို တွေ့ဖူး မြင်ဖူး ကြုံဖူးပါတယ် ။ ဒါက ကျွန်တော် တို့ လူ့အဖွဲ့အစည်းမှာ တကယ်ဖြစ်နေသလို ၊ လူတစ်ဦးချင်းစီရဲ့ အလုပ် အကိုင်အပေါ်မှာ ခွဲခြားဆက်ဆံခြင်းက သေးသိမ်တဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ကျွန်တော် တစ်ဦး တည်းရဲ့ အမြင် အရ ဆန့်ကျင်ပါတယ် ။ တစ်ချို့ အခြေအနေတွေမှာ လုပ်ငန်းသဘောအရ သီးခြား ဆက်ဆံရ ပေမဲ့ ဒါကလည်း အလုပ်နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာပဲဖြစ်သင့်ပါတယ် ။

လူတစ်ဦးချင်းစိရဲ့ အလုပ်အကိုင်အပေါ် လေးစားမှု နဲ့ အလုပ်တစ်ခုရဲ့ ဂုဏ်သိက္ခာကို နားလည် သဘောပေါက် စေဖို့လိုပါတယ် ။ အဆင့်အတန်းရှိတဲ့ အလုပ်ဆိုတာ ပညာအရည်အချင်း ၊ ရာထူးတာ၀န် ၊၀င်ငွေ ဒါတွေနဲ့ တိုင်းတာမယ် ဆိုရင် မှားယွင်းပါလိမ့်မယ် ၊ မိမိ အလုပ်အပေါ် ဘယ်လောက်အထိ တာ၀န်ကျေပွန်အောင် ဆောင်ရွက်နိုင်သလဲ ၊ စိတ်စေတနာ နဲ့ အားစိုက်မှု တွေ ရှိနေသမျှ လုပ်ကိုင်သူ ဟာ မိမိလုပ်ငန်းကို အဆင့်အတန်း ရှိစွာ လုပ်ကိုင်နေသူလို့သတ်မှတ်လို့ရနိုင်ပါတယ် ။

တကယ်တော့ လုပ်ငန်းခွင်ထဲမှာမှ မဟုတ်ပါဘူး ၊ လူ အသိုက်အ၀န်းမှာ လူတစ်ဦးရဲ့ အလုပ်ကိုင် ၊ရာထူးတာ၀န် ၊ငွေကြေးအပေါ်မှာ ခွဲခြားဆက်ဆံခြင်းဟာ ရှိမနေသင့်တဲ့အရာဖြစ်ပါတယ် ။ ခက်တာက လူတိုင်းမှာ မတူညီတဲ့ ခံစားချက်များစွာ ရှိတဲ့အတွက် ဒါကို မရှိအောင် ဆောင်ရွက်လို့မရနိုင်ပါဘူး၊ ဒီတော့ သင့်အဖွဲ့အစည်းမှာသာ ဒီလိုအဆင့်အတန်းခွဲခြားတာတွေ အတတ်နိုင်ဆုံး နည်းပါးအောင်သာ ဆောင်ရွက်ဖို့ ပြင်ဆင်ထားမယ် ဆိုရင် ၀န်ထမ်းအချင်းချင်း ပိုမိုနားလည်ရင်းနှိးလာပြီး ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ကာ အဖွဲ့အစည်း အတွက် အကျိုးရှိစေမှာဖြစ်ပါတယ် ။

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply