
အလုပ်ပြောင်းရင် ဘာတွေပြင်ဆင်သင့်သလဲ…..
တစ်လောက လုပ်ဖော်ကိုင်ဖက်တစ်ယောက် အလုပ်ပြောင်းဖို့လာတိုင်ပင်တယ်၊ အလုပ်အသစ်တစ်ခုမှာ နေရာကျပါ့မလား? အဆင်ပြေချောမွေ့ပါ့မလားဆိုပြီး တော့ စိုးရိပ်စိတ်ကလေးလည်း ပါတာပေါ့ ။
ကိုယ်တိုင်ကလည်း အလုပ်ပြောင်းထားတာ မကြာသေးတော့ အတတ်နိုင်ဆုံးအကြံညဏ်ပေးလိုက်ပါတယ်။ အ ကောင်းဆုံးလို့ထင်မြင်ယူဆရင် ပြောင်းပါလို့၊ ဒီတော့ ဆက်မေးတာက ကောင်းမကောင်း ဘယ်လိုသိနိုင်မလဲတဲ့ ?ဒါကလည်း တစ်ကယ်ခန့်မှန်းရခက်တဲ့ အရာပါပဲ ၊ကိုယ်အသစ်ရောက်ရှိမယ့် အဖွဲ့အစည်းမှာ အသားကျဖို့ပြင်ဆင်ရာမှာလည်း အဆင်မပြေမှုတွေ အများကြီးရှိနေမှာပါ။
ဒီလိုအခြေအနေတွေမှာ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ? ကိုယ့်အနေနဲ့အကောင်းဆုံး အခြေအနေ တစ်ခုအဖြစ် ကြိုတင်ပြင်ဆင်သင့်တာတွေက အများကြီးရှိနေမှာပါ။ ဒီတော့ အရေးကြီးတဲ့အပိုင်းလေးတွေကို အရင်ဆုံးတင်ပြချင်ပါတယ်။
ကိုယ်ရောက်နေတဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုချင်းစီမှာ မတူညီတဲ့ အလေ့အကျင့် ဗီဇ စရိုက်ကိုယ်စီကွဲလွဲစွာရှိနေတတ်ကြပါတယ်။ ဒါကိုအရင်ဆုံးသိအောင်လုပ်ဖို့က နံပါတ်တစ် ဦးစား ပေး ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ဒါကို အရင်ဆုံးသိအောင် ကြိုတင်ပြင်ဆင်ရပါမယ်၊
ဘယ်ကနေသိနိုင်မလဲ ?
လက်ရှိလုပ်ကိုင်ဆောင်ရွက်နေတဲ့ ၀န်ထမ်းတွေဆီကနေဖြစ်ဖြစ်သိနိုင်သလို ၊Supplier တွေ ဆီကလည်း သိနိုင်ပါတယ်။ နောက်ပြီး Corporate Branding ကောင်းကောင်း ဖြစ်တယ် /မဖြစ်ဘူးဆိုတာကိုလည်း သူတို့ရဲ့ Website၊ Facebook အစရှိတဲ့ Social Media တွေဆီကနေလည်း လေ့လာထောက်လှမ်းသိရှိနိုင်ပါတယ်။
နောက်တစ်ချက်က ကိုယ့်လုပ်ရမယ့် အလုပ်သစ် အတွက် သေချာစွာပြင်ဆင်ထားနိုင်ဖို့ပါ။ ကိုယ်လုပ်ရမယ့် အလုပ်နဲ့ပတ်သက်ပြီး သေချာကွဲပြားစွာသိနိုင်ရင် ပိုကောင်းပါတယ်။ တော်တော်များများက အလုပ်၀င်မှ သိကြတာများပါတယ်၊ နောက်မှ အသေးစိတ်ပြောပြမယ် ဆိုပြီး အလုပ်၀င်ခဲ့တယ် အခြေခံကျတဲ့ အချက်အလက်တွေကိုသေချာစွာသိနိုင်ဖို့ လေ့လာပြီးဆက်လုပ်ရတာထက် အခွင့်အလမ်းရနိုင်ရင် အလုပ်မ၀င်ခင်ကတည်းက သေချာ စွာ သိရှိအောင် လုပ်ဆောင်ထားပါ၊
အင်တာဗျူးမှာ ဖြစ်ဖြစ် သေချာစွာသိနိုင်မယ်ဆိုရင် ကိုယ့်အတွက်ကြိုတင်ပြင်ဆင်ဖို့ အချိန်ပိုရပါတယ်။
ဆက်ပြီးပြောချင်တာက အလုပ်သစ်မှာ စိန်ခေါ်မှုအသစ်တွေ၊ပတ်၀န်းကျင်အသစ်တွေ၊ လုပ်ဖော်ကိုင်ဖက် အသစ်တွေကြောင့်လည်း စိတ်ဖိစီးမှုတွေ ရနိုင်ပါတယ်။ ဒီအချက်ကလည်း သေချာစွာ ထိန်းသိမ်း ကိုင်တွယ်နိုင်ဖို့လိုပါတယ်။ အလုပ်အသစ်မှာ အလုပ်အဆင်ပြေနေရင်တောင် အပေါ်က အချက်တွေ အဆင်မပြေတဲ့အခါ စိတ်ဖိစီးပင်ပန်းမှုတွေ ပိုများလာနိုင်ပါတယ်။
ဒီတော့ အလုပ်သစ်မပြောင်းခင် အချိန်ရအောင် ကြိုးစားပြီး စိတ်အပန်းပြေခရီးလေး ဘာလေးထွက်နိုင်ရင် ပိုကောင်းပါတယ်။
စိတ်သစ်လူသစ်နဲ့စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်ပါ။
အလုပ်အသစ်အတွက် ကြိုတင်ပြင်ဆင်စရာတွေကို Planning ကောင်းကောင်းလုပ်နိုင်ဖို့လိုအပ်ပါတယ်။
ဘာတွေ အစီအစဉ်ဆွဲရမလဲ ဆိုတော့ နောက်ကာတစ်ခုအတွက် ဘာဆက်လုပ်မလဲဆိုတာကိုပါ။
အလုပ်အသစ်မှာကိုယ်လုပ်ရမယ့် လုပ်ငန်းအတွက် လုပ်မယ့်အရာတွေကို ကြိုတင် စိတ်ကူး စီမံထားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းမှာ လက်တွေ့အသုံးချလို့ရမရ ကို ချိန်ညှိုပြီး လုပ်ဆောင်နိုင်မယ့်အရာတွေရှိရင် ကြိုတင်စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ထားနိုင်ဖို့ပါ။
နောက်ထပ်အရေးအကြီးဆုံးအချက်ကတော့ ကိုယ်လုပ်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ အခုအသစ်ရောက်တဲ့ အဖွဲ့အစည်းမတူကွဲပြားတာကို နားလည်လက်ခံထားဖို့လိုပါတယ်။
အရင်အလုပ်မှာ ဘယ်လိုအောင်မြင်ခဲ့ အောင်မြင်ခဲ့ လက်ရှိအလုပ်မှာ အောင်မြင်ဖို့က မသေချာပါဘူး၊ ဒီတော့ မတူညီတာတွေရှိလာရင် ဇွတ်အတင်းမလုပ်ပါနဲ့ ၊ အသားကျအောင် လုပ်ပြီးမှ ကိုယ်လုပ်ချင်တဲ့ ပုံစံမျိုးဖော်ဆောင်ခြင်းကို လုပ်ဆောင်ပါ။
ပထမဆုံးနေ့မှာ ကိုယ့်အတွက်အရေးအကြီးဆုံး ပါ၊ အလုပ်သစ်မှာ ပထမဆုံးနေ့က ကိုယ့်ရဲ့ပတ်၀န်းကျင် အသစ်နဲ့ စတင်ထိတွေ့တဲ့ နေ့မို့ အထူးသတိထားရပါတယ်၊ နောက်ဆုံးပြောချင်တာက အားမနာမိစေဖို့ လိုအပ်ပါတယ် ၊မလုပ်နိုင်တာတွေ ကိုအားနာပြီး တာ၀န်ယူတတ်တဲ့ အလေ့အကျင့်မျိုး ရှောင်ရှားနိုင်ဖို့ လိုပါတယ်လို့ အကြံပြုလိုက် ပါရစေ…..
ရေးသားသူ – Htain Lin Kyaw (HR)



