Back

အချိန်ပို ဆင်းနေရပြီလား?

❗အလုပ်တွေများလို့နေ့တိုင်းလိုလို Over Time အချိန်ပိုဆင်းနေရပြီလား ?

❗သူများတွေ ရုံးပြန်တိုင်း ကိုယ်က နောက်ကျပြီးမှ မကြာခဏ ပြန်နေရပြီလား ?

ဒါဆိုရင် မိမိ အလုပ်မှာ အချိန်ကို စီမံခန့်ခွဲနိုင်မှု အားနည်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘာကြောင့် အချိန်ပိုအလုပ်ဆင်းနေရတယ် ၊ ရုံးပြန်အမြဲလိုလို နောက်ကျနေတယ် ဆိုရင် စီမံခန့်ခွဲသူများအနေနဲ့ ဘာကြောင့်ဆိုတဲ့ အဖြေမျိုးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အချိန်ပို ဆင်းနေရတယ် ဆိုတာ အလုပ်ရှင်အနေနဲ့ကလည်း အချိန်ပိုလုပ်ခ ပေးရတာဖြစ်သလို ၊၀န်ထမ်းနေနဲ့လည်း မိမိ ကိုယ်ပိုင်အချိန်ထဲက အလုပ်အတွက် ထုတ်နုတ်ရတာဖြစ်လို့ နှစ်ဦးနှစ်ဖက် စလုံးက အတွက် အလုပ်ချိန်ထဲ မှာပဲ ပြီးစီးအောင် ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပါ။

အချိန်ပို အကြောင်းနဲ့ ဆက်စပ်ပြီး ဥပဒေဆိုင်ရာ အကြောင်းတွေ ဖြည့်စွက်ပြောရရင် ၀န်ထမ်းတစ်ယောက် အနေနဲ့ တစ်ပတ်အလုပ်ချိန် အလုပ်လုပ်ရမယ့် အလုပ်ချိန်နာရီစုစုပေါင်း (၄၄) နာရီ (၄၈) နာရီအားဖြင့် ခွဲထားထားပါတယ် ။ ၁၉၅၁ အလုပ်ရုံများ ဥပဒေ အောက်မှ အကျုံး၀င်တဲ့ ၀န်ထမ်းတိုင်း (၄၄) နာရီ ၊ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ အောက်မှာ အကျုံး၀င်တဲ့ ၀န်ထမ်းတိုင်း (၄၈) နာရီ အများ ဆုံး သတ်မှတ်နိုင်ပါတယ် ၊ အလုပ်ရှင်က သဘောတူညီရင် ဒိထက်နည်းလည်း ရပါတယ် ၊ ဥပဒေအရ အများဆုံး သတ်မှတ်နိုင်တဲ့ ပမာဏကို ဖော်ပြထားတယ် ဆိုတာကိုတော့ နားလည်စေချင်ပါတယ် ။

ဒီလိုသတ်မှတ်ချိန်တွေထက် ကျော်လွန်ပြီး အလုပ်လုပ်ရမယ့်ဆိုရင်တော့ အချိန်ပိုအဖြစ်သတ်မှတ်ပြီး အချိန်ပိုလုပ်အား သတ်မှတ်ပေးရမှာဖြစ်ပါတယ် ။ အချိန်ပိုဆင်းရတဲ့အခါ အလုပ်သမားရဲ့ သဘောတူညီမှု ကို ရရှိရ မှာဖြစ်ပြီး အချိန်ပို ဆင်းမယ့် အလုပ်သမားတွေရဲ့ စာရင်းကိုလည်း သက်ဆိုင်ရာ အလုပ်သမားရုံးကို ပေးပို့ရမှာဖြစ်ပါတယ် ။ တစ်ဆက်စပ်တည်း အလုပ်ချိန် (၅) နာရီ ပြည့်အောင် ထမ်းဆောင်တဲ့ ၀န်ထမ်းကိုလည်း အနားယူဖို့ (၃၀) မိနစ်မပေးပဲ အချိန်ပို ဆက်လက် ဆောင်ရွက်လို့မရကြောင်း ဥပဒေအရ သတ်မှတ်ထား တာလည်း ရှိပြန်ပါတယ်။

ဆက်ပြီး ဘာကြောင့် အချိန်ပိုတွေ ဆင်းရတာလဲဆိုတာကို လေ့လာကြည့်မိတော့…

<<အလုပ်တွေ တကယ်များနေတာ>>

ရုံးချိန်အတွင်း ၀န်ထမ်းနှစ်ယောက်လုပ်ရမယ့် အလုပ်ကို တစ်ယောက် ထဲခိုင်းမယ် ၊ အချိန်ပိုလုပ်ခပေးပြီး ကျန်တဲ့ အလုပ်တွေကို လုပ်စေတာလည်းဖြစ်နိုင်ပါတယ်။ အလုပ်ရှင်အနေနဲ့ ၀န်ထမ်းနှစ်ယောက် လောက်လည်း မလိုအပ်ဘူးလို့ ယူဆတဲ့ အလုပ်တွေမှာ တစ်ယောက်တည်းကို ရုံးချိန်အပြည့်ခိုင်းမယ်၊ မပြီးသေးရင် OT ဆက်လုပ်ပေးပါ ၊ အချိန်ပိုလုပ်ခ ထပ်ဆောင်းပေးထား တာတွေ လည်းရှိပါတယ် ။ ဒါကြောင့် တစ်ချို့၀န်ထမ်းတွေက အမြဲတမ်းလိုလို OT ဆင်းနေရတာပါ။

ဥပမာ – ၀န်ထမ်းတစ်ယောက် တစ်သိန်း ဆိုရင် နှစ်ယောက် (၂) သိန်းပါ။ ဒီတော့ တစ်ယောက်တည်းကို (၁)သိန်း အချိန်ပိုလုပ်အားခ (၅) သောင်း ဆိုရင် (၁) သိန်းခွဲ ဆိုရင် သက်သာလာမယ့် ငွေကြေးကုန်ကျမှုကိုတွက်ပြီး တာ၀န်ပေးတာတွေရှိလာပါတယ်။ ၀န်ထမ်းကလည်း ပိုရလာတဲ့ အကျိုးအမြတ်ကို တွက်ပြီး ဆောင်ရွက်နိုင်ပေမဲ့ ရေရှည်မှာ၀န်ထမ်းက နှစ်ယောက်စာကို OT ဆင်းပြီး အမြဲလုပ်နေရတဲ့အတွက် လုပ်ငန်းခွင်အတွင်း စိတ်ဖိ စီးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေဖြစ်ပေါ်လာပြီး အလုပ်ထဲမှာ စွမ်းဆောင်ရည်ကျတတ်ပါတယ်။ ပုံမှန်ရုံးချိန်အတွင်းမှာ အချိန်ကို သေချာစွာစီမံခန့်ခွဲပြီး ပြီးစီးအောင်လုပ်နိုင်ရင် နှစ်ဖက်စလုံးအတွက် တကယ်အကျိုးရှိပါတယ်။

<<လုပ်ငန်းလိုအပ်ချက်အတွက် လုပ်ရတာ>>

တစ်ချို့လုပ်ငန်းတွေက ပုံမှန်ရုံးချိန်ကျော်လွန်ပြီးမှ လုပ်ရတာမျိုးတွေရှိပါတယ်၊ အများပြည်သူ သွားလာနေရတဲ့ နေရာတွေ ၊ စျေး၀ယ် စင်တာတွေ ၊ အပန်းဖြေ ဥယျာဉ်တွေလို နေရာမျိုးတွေမှာ ရုံးဆင်းချိန် ရုံးသုံးပစ္စည်း ပြင်ဆင် တပ်ဆင်မှုတွေ ရှိလာခဲ့ရင် ရုံးချိန်ပြင်ပ လုပ်ဆောင်ရတာတွေပါ။ တော်တေ်ာများများက ရုံးသုံး ပစ္စည်းတွေ ပြင်ဆင်တပ်ဆင်ရတဲ့ အလုပ်တွေပါ ၊ ဥပမာ – ဘဏ်လိုနေရာမျိုးမှာ ရေ၊မီး ၊ အဲကွန်း အစရှိတာတွေ တပ်ဆင်တဲ့အခါ ၀န်ထမ်းတွေ ရုံးပြန်ချိန်ကို အလုပ်လုပ်ရတာပါ ။ဒီလို ဆောင်ရွက်တဲ့အခါ အလုပ်ရှင်တွေက ၀န်ထမ်းလိုအပ်ချက်ကြောင့် တနေ့လုံး အလုပ်လုပ်နေသူကိုပဲ တာ၀န်ပေးတာမျိုးတွေရှိပါတယ်၊တကယ်လို့များ ရုံးဆင်းချိန်လုပ်ရမယ့်အလုပ်အတွက် တစ်နေ့လုံး အလုပ်ဆင်းသူကို မခိုင်းပဲ အနားပေးထားတာမျိုး ၊ ရုံးမလာ ခိုင်းပဲ ညနေရုံဆင်းချိန်မှ လုပ်ဆောင်မယ့် လုပ်ငန်းကို စေခိုင်းတာမျိုးလုပ်သင့်ပါတယ်။

တစ်ခါတစ်ရံဆို ပြသာနာမရှိပေမဲ့ ရေရှည်လုပ်ရမယ့် လုပ်ငန်းမျိုးဆိုရင် ၀န်ထမ်းတာ၀န်ခွဲဝေမှုကို ဆောင်ရွက်သင့်ပါတယ်။ တစ်နေ့ကုန် အလုပ်လုပ်ရသူက ညနေပါ အချိန်ပိုဆက်ဆင်းရင် လုပ်ငန်းခွင်အတွင်း အန္တာရယ် ရှိနိုင်သလို ၊ စွမ်းဆောင်ရည်အပြည့်အ၀ရှိဖို့လည်း မသေချာပါဘူး ။အလုပ်ချိန်အတွင်း အပြည့်အ၀ မလုပ်နိုင်တာ

ဒါက ၀န်ထမ်းရေးရာ ပြသာနာတစ်ခုပါပဲ ၊ ပုံမှန်ရုံးချိန်အတွင်း သတ်မှတ်ထားတဲ့ လုပ်ငန်းတွေကို အပြည့်အ၀ မလုပ်ကိုင်နိုင်တဲ့အတွက် မပြီးစီးတာတွေ ဖြစ်လာတာပါ ။ ဒါဆိုရင် ၀န်ထမ်းအနေနဲ့ သူနေ့စဉ်လုပ်ရမယ့် ပုံမှန် အလုပ်တွေကို အချိန်ပိုလုပ်ရတဲ့အထိ ဆောင်ရွက်နေရမယ် ဆိုရင် လိုအပ်တဲ့ ကျွမ်းကျင်မှုကို ပံ့ပိုးပေးဖို့ လိုလာပါပြီ ။ ဘာတွေလိုအပ်နေသလဲ ? ထည့်သွင်းပေးရမယ့်အရည်အချင်း တွေက သေချာစွာ သုံးသပ် ဖြည့်ဆည်း ပေးနိုင်မှသာ မိမိ လုပ်ငန်းခွင်အတွင်း လိုအပ်ချက်ကြောင့်အချိန်ပိုဆင်းရတဲ့၀န်ထမ်းနည်းသွားမှာပါ။

<<ကိုယ်ပိုင်အလုပ်လုပ်နေတာတွေ>>

လုပ်ငန်းခွင်ထဲမှာ ရှိတတ်ပါတယ် ၊ တစ်နေကုန်တော့ အလုပ်လုပ်နေတာပဲ ၊ ညနေပိုင်းဆိုအလုပ်တွေ မပြီးသေးလို့ OT ဆင်းဆင်းနေရတယ်ဆိုတာမျိုးပါ ။ တကယ်ကြည့်လိုက်ရင်လည်း မပြီးနိုင်သေးဘူး ဖြစ်နေတာတွေ ဆိုရင် ၀န်ထမ်းအနေနဲ့ ကိုယ်ပိုင်အလုပ်တွေ ၊ အလုပ်ချိန်ထဲမှာ လုပ်နေတာလားဆိုတာ သံသယ ဖြစ်စရာပါ။ လုပ်ငန်းအတွင်း လိုအပ်တဲ့ စွမ်းဆောင်ရည်လည်း ရှိ လုပ်နိုင်ပါရက်နဲ့ မပြီးနိုင်လို့ OT ဆင်းနေရတဲ့ ၀န်ထမ်းတွေမှာအဖြစ်များပါတယ်။

ဒါကိုလည်းအဖွဲ့အစည်းအနေနဲ့ကြတ်မတ်ဆောင်ရွက်လို့ ရပါတယ်။

၀န်ထမ်းတစ်ယောက်ရဲ့ တစ်နေ့အလုပ်လုပ်နိုင်အား ကို တွက်ချက်သတ်မှတ်ထားတာပါ ။ Daily Work done ထားရှိပြီး ရုံးတွင်း /ရုံးပြင် အလုပ်ချိန်များအတွက် နေ့စဉ် သတ်မှတ်ချက် တစ်ခုထားရှိရပါမယ်။ ကျွန်တော်လုပ်ခဲ့တဲ့ နေရာမှာဆိုရင် အင်ဂျင်နီယာ တစ်ယောက်က တစ်နေ့ အနည်းဆုံး အဲကွန်း (၃) လုံး အသစ်တပ်ဆင်ပြီးရမယ့်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီလိုသတ်မှတ်ချက်တွေက ပါ၀င်တဲ့ ၀န်ထမ်းအင်အား ၊ သွားလာရေး ၊တပ်ဆင်မယ့် နေရာ အခက်အခဲ သတ်မှတ်ချက်တွေကို တွက်ချက်ပြီး သတ်မှတ်ထားပါတယ်။ တစ်နေကုန်လို့ဒီသတ်မှတ်ချက် မပြည့်ဘူးဆိုရင် လုပ်ငန်းခွင်ထဲမှာ စွမ်းဆောင်ရည် အပြည့်အ၀ မထည့်ဘူးလို့ ယေဘုယျ သတ်မှတ်လို့ရပါတယ်။

<<အလုပ်ရှုပ်ချင်နေသယောင်>>

တစ်ချို့၀န်ထမ်းတွေက အလုပ်များချင်သယောင် လုပ်ကြတာတွေ ကိုယ်တွေ့ရှိပါတယ်။ ရုံးချိန်ပြန်တာ နောက်ကျတာ ၊ အချိန်ပိုအလုပ်ဆင်းပြီး အလုပ်လုပ်တာ တွေ ကို ကြိုက်နှစ်သက်တဲ့ အထက်လူကြီးတွေ ရှိတဲ့ ရုံးမှာ ဆိုရင် ပိုပြီးအဖြစ်များပါတယ် ၊ အလုပ်ကို အချိန်ဆွဲပြီးလုပ်တယ် ဒါမှ လူကြီးက အလုပ်လုပ်တယ် ၊အလုပ်ကြိုးစားတယ် ထင်တယ် ဆိုတာမျိုးတွေက တွေ့နေရတာများပါတယ်။ တကယ်ကော အလုပ်များ နေသလား ? အလုပ်များချင်ယောင်ဆောင်နေသလား ဆိုတာကတော့ ကိုယ်တိုင်ရော ၊လုပ်ဖော် ကိုင်ဖက်များပါ သိရှိပါတယ်။

၀န်ထမ်းတစ်ယောက် တကယ်အလုပ်လုပ်ရင်

နေ့စဉ်ဆောင်ရွက်ရမယ့် လုပ်ငန်းသတ်မှတ်ချက်တွေပြီးစီးနိုင်ပါ တယ်။ မိမိအလုပ်ချိန်ထဲကနေတစ်ခြားကိစ္စအပြင်ကို သွားလာတာတွေ၊အလုပ်ချိန်ထဲမှာ စွမ်းဆောင်ရည်အပြည့် အ၀ မလုပ်နိုင်တာ ၊ မလုပ်ချင်တာတွေကြောင့် OT ဆင်းရတာတွေများပါတယ် ။ လုပ်ငန်းလိုအပ်ချက်ကြောင့် လုပ်ရတဲ့ အချိန်ပိုဆင်းရတာတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာတွေလည်း စီစဉ်ထားဖို့လိုပါတယ်။ အချိန်ပိုအလုပ်ဆင်းခြင်းက ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေ အချိန်ကြာလာတဲ့အမျှ ဖြစ်လာတတ်တာကြောင့် အလုပ်ချိန်အတွင်းမှာ စီမံခန့်ခွဲပြီး လုပ်ငန်းပြီးမြောက်စေဖို့ လုပ်ဆောင်သင့်ပါတယ်။

Over Time လုပ်ရတဲ့အခါ ဘာတွေဖြစ်လာတတ်သလဲ…..

ဆိုရင် –

– Stress (စိတ်ဖိစီးမှု)

– Lower levels of performance (စွမ်းဆောင်ရည်နိမ့်ကျမှုတွေ)

– Fatigue-related errors (ပင်ပန်းနွမ်းနယ်မှုကြောင့်ဖြစ်လာတဲ့ အမှားအယွင်းတွေ)

– Workplace injuries (လုပ်ငန်းအတွင်း ထိခိုက်ဒဏ်ရာဖြစ်တာတွေ)

– Sickness (မကြာခဏ ဖျားနာခြင်း)

– Work / life imbalance (အလုပ်နဲ့ ဘ၀အချိုး မညီမျှမှု) တွေဖြစ်လာတတ်ပါတယ်။

ဒါဆိုရင်မလိုအပ်ပဲ အချိန်ပိုမဆင်းရအောင် ၊လျော့နည်းသွားအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ မျိုးကိုလည်း အကြံပြုချက်တစ်ချို့ တင်ပြချင်ပါတယ်။

❗Check your shift schedules

မိမိရဲ့အလုပ်အချိန်ဇယားကိုသေချာပြန်စစ်ဖို့လိုပါတယ်။ တကယ် အလုပ်တွေ များနေတာလား? အလုပ်နဲ့အချိန်နဲ့မမျှမတဖြစ်နေတာလား ဆိုတာကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဘယ်အလုပ်ကို ဘယ်အချိန်မှာ ဆောင်ရွက်မလဲဆိုတဲ့ Time Management လုပ်ဖို့ပါ။

❗Match Staffing Levels with Work Demand

လုပ်ငန်းခွင် အတွင်းက ၀န်ထမ်းအခြေအနေနဲ့ အလုပ် လိုအပ်ချက် ကို အမြဲ နှိုင်းယှဉ် ချိန်ဆနေဖို့ပါ ။ အလုပ်တွေက များပြီး ၀န်ထမ်းတွေလိုနေသလား ? လုပ်နေတဲ့ ၀န်ထမ်းတွေကကော တွဲဖက်တာ၀န်ယူနိုင်တာ ဘာရှိလဲ ? လက်ရှိအလုပ်အပြင် လူထပ်လိုသေးတာလား အစရှိတာတွေကို စီမံခန့်ခွဲသူက ချိန်ဆနေဖို့ပါ။

❗Closely Monitor Absenteeism

အလုပ်ပျက်ကွက်မှုကြောင့် တစ်ခြား ၀န်ထမ်းတွေ အချိန်ပို ဆင်းရတာ လည်း ရှိပါတယ် ။ အလုပ်လည်း မပိုဘူုး ၊လူလည်း မလိုဘူး ဆိုပေမဲ့ တစ်ယောက်မလာလို့ ကျန်တဲ့သူ OT ဆင်းရတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါမျိုးတွေကို စီမံဖို့စဉ်းစားထားပါ။

❗Emphasize cross-training

Cross Training လိုမျိုး ကိုအားပေးဖို့လိုပါတယ်။ ငွေစာရင်းက Admin အလုပ်ကို လိုအပ်ရင် လုပ်နိုင်ဖို့ သင်တန်းပေးထားမယ် ဆိုတာမျိုးပါ ။ ဒါက လူနည်းပြီး လုပ်ငန်းသေးတဲ့ နေရာမှာအတိုင်းအတာ တစ်ခုအထိ အသုံး၀င်ပါတယ် ။

❗Prepare independent contractor (or) Outsource

၀န်ထမ်းထပ်ခန့်ဖို့လည်းမလိုဘူး ။ အလုပ်ကလည်း များနေတယ်ဆိုရင်တော့ အပြင်က Outsource တွေကို ခေါ်သုံးဖို့ပြင်ဆင်ထားတာ အကောင်းဆုံးပါ။ ဒါဆိုရင် အချိန်ပို ဆင်းပြီးလုပ်ရမယ့် အလုပ်တွေအတွက် အဆင်ပြေစေနိုင်ပါမယ်။

❗Watch the Overtime hours

အချိန်ပိုလုပ်ကိုင်ရတဲ့ အချိန်တွေကို စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ တကယ်ရော လိုအပ်လို့ ဆင်းရရဲ့လား ? စွမ်းဆောင်ရည် ပြည့်ပြည့်၀၀ လုပ်ကိုင်နိုင်ရဲ့လား ဆိုတာကို စောင့်ကြည့် အကဲဖြတ်ဖို့ပါ ။ တစ်ချို့၀န်ထမ်းတွေက ငွေကြေးအတွက် OT ဆင်းပြီး အလုပ်ကို ထိရောက်စွာ မလုပ်ကြတာတွေလည်း ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။

ဒါကြောင့် OT Hours တွေကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ်။အချိန်ပိုလုပ်ငန်းချိန်တွေကို စီမံခန့်ခွဲတဲ့အခါ ကိုယ့်လုပ်ငန်းနဲ့ အဆင်ပြေသလို စီမံခန့်ခွဲနိုင်ပါသေးတယ်။ တကယ်တမ်း မဖြစ်မနေအချိန်ပိုဆင်းရမယ် ဆိုရင်တော့ ဥပဒေပါအတိုင်း အချိန်ပိုလုပ်အားပေးဖို့ကလည်း အရေးကြီးပါသေးတယ်။ နှစ်ဦးနှစ်ဖက် မျှမျှတတ အဆင်ပြေစေဖို့ ဆောင်ရွက်နိုင်ကြရင်း လုပ်အား လေလွင့်ခြင်းများ ကင်းဝေးနိုင်ကြစေဖို့ …..

Ref : : http://www.circadian.com /-how-to-reduce-overtime

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply