Back

လုပ်ငန်းခွင် အကျဉ်းသား

ဒီစာသားလေးကို တကယ်တော့ သုံးတာ ခပ်တော့လန့်လန့်ပဲ ။ ကိုယ်က ဆရာမင်းသိင်္ခ ပရိတ်သတ်ဆိုတော့ မနေ့ညက မြင်းကပါအကျဉ်းသား ပြန်ဖတ်ရင်း ဒီခေါင်းစဉ်ပေးလိုက်တာ ၊ ခေါင်းစဉ်ပဲဖတ်ပြီး အလုပ်ထဲက လူတွေ ကို အကျဉ်းကျနေတယ် လို့ ပြောတယ် ထင်မှာလည်း စိုးမိသေးတယ် ။ ဒီတော့ သေချာလေး ဖတ်စေချင်ပါတယ်။

အလုပ်ဆိုတာ အသက်မွေးဝမ်းကြောင်းအရကော ၊ ဘ၀ရှင် သန်ရပ် တည်ဖို့အတွက်ကော မဖြစ်မနေ ကိုယ်ပိုင်ဖြစ်ဖြစ် ၊ ဝန်ထမ်းဖြစ်ဖြစ် လုပ်ကို လုပ်ရမယ့် အရာပဲဖြစ်ပါတယ် ။

ဒီတော့ ကိုယ့်ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အလုပ်ဆိုတာကို နေ့စဉ်ထိတွေ့နေရတာ ကြောင့် လုပ်ငန်းခွင်အတွင်း အကျဉ်းကျနေတဲ့ အခြေအနေဖြစ်မနေဖို့လိုပါတယ်။

လုပ်ငန်းခွင်အတွင်း အကျဉ်းကျနေတယ် ဆိုတာ ဘာလဲ ❓

ဝန်ထမ်းတစ်ယောက်ဟာ ကိုယ်လုပ်နေရတဲ့ အလုပ်ပတ်ဝန်းကျင်မှာ အချိန်တွေသာ ကြာသွားတယ် လုပ်ငန်းစွမ်းဆောင်ရည်လည်း တိုးတတ်မှု မရှိ ၊ ဘ၀လည်း တိုးတတ်မလာ ၊ ဒီနေရာ ဒီအချိန် ဒီအခြေအနေနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းနေရတဲ့ သူမျိုး ဖြစ်နေတဲ့အခြေအနေမျိုး မှာ ရှိတဲ့ ဝန်ထမ်း တွေ ဖြစ်ပါတယ် ။

လုပ်ငန်းတစ်ခုရဲ့ ထိပ်ပိုင်းကို ရောက်နေလို့ ဆက်တတ်စရာ နေရာမရှိတဲ့ သူတွေကို တော့ ဒီနေရာမှာ ထည့်သွင်းမစဉ်းစားစေချင်ပါဘူး ။ အခွင့်အလမ်းရှိနေပါ ရက်နဲ့ရောက်တဲ့နေရာ မှာပဲ နှစ်များစွာ ရပ်တည့်နေတဲ့ ဝန်ထမ်း မျိုးကို ဆိုလိုတာဖြစ်ပါတယ် ။

ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ ဒီလို လုပ်ငန်းခွင်အကျဉ်းသားတွေ တွေ့ဖူးကြမှာပါ ။ အလုပ်လုပ်ရတာ ပျော်ရွင် ၊ကျေနပ်လားဆိုတော့လည်း မဟုတ် ၊ အလုပ်ကနေ ထွက်ဖို့လည်း မရှိ ၊ ဒီမှာပဲ လုပ်ရင်းလုပ်ရင်းနဲ့ ဘ၀ရဲ့ တိုးတတ်ဖွံ့ဖြိုးမှုကို ရှာမတွေ့ခဲ့ပဲ ပိတ်ဆို့ မှုတွေလည်း နောက်ဆုံးအချိန်အထိ လုပ်ကိုင်သွားကြတာလည်း ဖြစ်သလို ၊ကိုယ်ဖြတ်သန်းခဲ့တဲ့ အသက်မွေးဝမ်းကြောင်း တစ်လျှောက် အောင်မြင်မှု ကျေနပ်မှု ဆိုတာ ကိုယ်တိုင်ရှာ မတွေ့ခဲ့ကြသူများပါ ။ ( ဒီအကြောင်းအရာလေးကို အရင် အလုပ်က လုပ်ဖော် ကိုင်ဖက် တစ်ယောက်က သူ့အကြောင်း ရင်ဖွင့်ရင်း ရေးဖြစ်ပါတယ် )

ဒီတော့ လုပ်ငန်းခွင်မှာ အကျဉ်းမကျအောင် ဘယ်လို ပြုမူနေထိုင်သင့်သလဲ ဆိုတာကို ရိုးရိုးရှင်းရှင်း အကြံပေးမှု တစ်ချို့ကို တင်ပြလိုက်ပါတယ် ။

  • (၁) ကာလတစ်ခု သတ်မှတ်ပြီး တိကျတဲ့ ရည်မှန်းချက်ထားပါ
  • (၂) အဲ့ ရည်ရွယ်ချက်ကို တကယ်သွားနေလားဆိုတဲ့ လမ်းကြောင်းကို အမြဲ သတိပြုပါ ။
  • (၃)ကိုယ့်ပန်းတိုင် အတွက် လိုအပ်မယ့် အတွေ့အကြုံ ၊ ကျွမ်းကျင်မှု ၊ အသိပညာများကို အချိန်သတ်မှတ် ချက် ထား ပြီးလေ့လာပါ။
  • (၄) ကိုယ်မလုပ်ဖူးတဲ့ လုပ်ငန်းတာဝန်အသစ်တွေ ပေးလာတဲ့အခါ အတွေ့အကြုံအသစ်တွေရဖို့ လုပ်ရမှာကို တွန့်ဆုတ် မနေပါနဲ့။
  • (၅) လုပ်ငန်းခွင်အတွင်း ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ပါ ။

ဒါကတော့ လက်တွေ့အခြေအနေတစ်ချို့ကို အကြံပေးခဲ့တာပါ ။ လုပ်ငန်းခွင်က အကျဉ်းသားများ မဖြစ်စေဖို့ ။

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply