
သင်ယူလေ့လာခြင်းအတွက် သော့ချက်
အလုပ်တစ်ခုလုပ်တဲ့အခါမှာ ဘယ်လိုလုပ်ရမလဲဆိုတာကိုသိစေဖို့ လေ့ကျင့်သင်ကြားပေးခြင်းကို လုပ်ကိုင်ကြပါတယ်။ ခက်တာက သင်တော့သင်ပေးလိုက်တယ် အရည်အချင်းကတက်မလာတဲ့၀န်ထမ်းမျိုးတွေကို လုပ်ငန်းခွင်တွေထဲမှာတွေ့ရမှာသေချာပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သင်ပေးလိုက်ရတဲ့အချိန်ကာလ ကုန်ကျမှုရင်းနှီးမြှပ်နှံခြင်းတွေက အဖွဲ့အစည်းဘက်ကဆုံးရှုံးသွားတာတော့အသေအချာပါပဲ…
ဒါနဲ့ဆန့်ကျင်ဘက်အဖြစ် တစ်ချို့၀န်ထမ်းတွေက သင်လွယ်တတ်လွယ်မှု ရှိပြီး လေ့လာသင်ယူလိုစိတ်ပြင်းပြသူ ပြန်လည်အသုံးချသည်အထိ ဆောင်ရွက်နိုင်သည့် ၀န်ထမ်းများကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိတဲ့၀န်ထမ်းမျိုးအတွက် သင်ကြားမျှဝေသူကော လက်ခံသူပါ အပြင်အဖွဲ့အစည်းအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။
လေ့လာသင်ယူပြုလုပ်သူဟာ ပိုမိုကောင်းမွန်တဲ့ ကြိုးစားမှုနဲ့ ရလဒ်ကိုဆောင်ရွက်နိုင်မယ်ဆိုတာ အငြင်းပွားဖွယ် ရာဖြစ်မယ်မထင်ပါဘူး ။ ဒီလိုမျိုးဖြစ်လာဖို့အတွက်လည်း လုပ်ငန်းခွင်တွေမှာလေ့ကျင့်သင်ကြားပေးမှုတွေကို ဦး တည်ဆောင်ရွက်ကြတာပါ။
ပညာရပ်တစ်ခု၊ နည်းပညာတစ်ခုအတွက်လေ့လာ သင်ယူတဲ့အခါ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် အကြောင်းအရာတစ်ခုအတွက်လေ့လာလိုစိတ်ကို တွန်းအားဖြစ်စေဖို့ လိုအပ်ပါတယ်။
ဒီလိုသာဖြစ်နေမယ်ဆိုရင်တော့ တတ်ကျွမ်းဖို့အတွက် အလွန်လျင်မြန်လွယ်ကူစေမှာဖြစ်တာကြောင့် အချိန်များစွာလေ့လာရတာမျိုး မဖြစ်ပဲ တိုတောင်းတဲ့ ကာလအတွင်းမှာ တတ်မြောက် ကျွမ်းကျင်စေမှာ ဖြစ်ပါတယ်။ သင် တန်းတွေ ရုံးမှာ စီစဉ်တဲ့အခါ ၀န်ထမ်းတစ်ချို့ကို ဒီလိုအခြေအနေ အတွင်း မှာတွေ့ရပြီး တော်တော်များများက တော့ စိတ်ပါ၀င်စားမှုနည်းတာကို တွေ့ရပါတယ်။ မဖြစ်မနေတက်ရတဲ့သင်တန်းမျိုးဖြစ်တာကြောင့်လည်းပါပါမယ်။
လူတိုင်းမှာ မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတစ်မျိုးစီရှိကြပါတယ်။ ဒါကို မှန်ကန်တည့်မတ်စွာအကျိုးရှိအသုံးချနိုင်ဖို့လိုတာပါ။
ဒီအရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း သူတို့ကိုယ်တိုင် သိရှိတာမျိုးလည်းနည်းပါးကြပါတယ်။
ဒါတွေကိုဖော်ထုတ်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုရင်ဖြင့် ပိုပြီးကောင်းမွန်တဲ့အကျိုးကျေးဇူးကို ၀န်ထမ်းကော ၊ အဖွဲ့အစည်းပါခံစားရမှာဖြစ်ပါတယ် ။ ဒီလို ၀န်ထမ်းမျိုးတွေအတွက် နဂိုရှိရင်းစွဲအရည်အချင်းကိုဖော် ထုတ်ပေးဖို့ရာ လုပ်ငန်းခွင်အတွင်းHRများရဲ့ အရေးပါတဲ့အရာဖြစ်ပါတယ် ။
သူတို့တွေမှာပါလာတဲ့အရည်အချင်းကိုဖော်ထုတ်ပြီး လေ့လာသင်ယူခြင်းအားဖြင့် ပိုမိုအားကောင်းတဲ့ ကျွမ်းကျင်မှုကိုဖြစ်ထွန်းစေပါတယ်။ သူတို့တွေက တကယ်တော့ မသင်မီကတည်းကတတ်နှင့်သူတွေအဖြစ် ဖွဲ့ဆိုလို့တောင်ရနိုင်ပါတယ်။ သိလွယ် ၊ တတ်လွယ် ၊ အကျိုးပြုလွယ်သူတွေဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါတွေနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ အခြေခံအချက်အလက်များစွာရှိပါတယ် ။ ဒီအချက်တွေထဲကမှတစ်ချို့ကိုတင်ပြချင်ပါတယ်။
(၁) စိတ်ပါ၀င်စားမှု နှင့် ဝါသနာ
စိတ်မ၀င်စားရင် ဘယ်အရာမှ ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ဖို့ မလွယ်လှပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ စိတ်ပါ၀င်စားမှုအနည်းအများက ပညာရပ်တစ်ခုကို လေ့လာတဲ့အခါ ကျွမ်းကျင်တတ်မြောက်မှုမှာ တစ်ယောက်ချင်းစီအလိုက်ကွာခြားသွားမှာပဲဖြစ်ပါတယ်။ ဒီတော့ သင်ကိုယ်တိုင်က ကိုယ်လေ့လာမယ့် အရာကိုစိတ်ပါ၀င်စားရဲ့လားဆိုတာကို သေချာစွာ လေ့လာဆုံးဖြတ်ဖို့ လိုပါတယ်။
(၂) ပြန်လည်အသုံးချနိုင်မှု
သင်တော့ သင်လိုက်တာပဲ ၊ပြန်လည်အသုံးချနိုင်ခြင်းမရှိတဲ့အခြေအနေ မျိုးမှာဆိုရင်တော့ အစကတည်းက သင် ယူလေ့လာလိုစိတ်နည်းပါးသွားမှာအသေအချာပါပဲ။ ဒီအချက်ကိုလည်း သင်တန်းတွေပေးတဲ့အခါ ထည့်သွင်းစဉ်း စားတာမျိုးရှိနေရမှာဖြစ်တာကြောင့် မိမိအနေနဲ့ ကိုယ်လေ့လာမယ့်အရာအတွက် ပြန်လည် အသုံးချနိုင်မှုရှိဖို့လည်းပြင်ဆင်ထားရပါမယ်။ ဒီအချက်ကလည်း သင်လွယ်သူအဖြစ်ရောက်ရှိစေမှာ အမှန်ပါပဲ။
(၃) ရေရှည်မျှော်မှန်းချက် နှင့် အကျိုးကျေးဇူး
အကျိုးမရှိတဲ့အလုပ်ဆိုရင် လူတွေကတော်တော်များများ စိတ်မ၀င်စားကြပါဘူး။ လေ့လာသင်ယူအတွက် ဘာအကျိုးကျေုးဇူးရှိမလဲဆိုတာကို တစ်နည်းအားဖြင့် စိတ်၀င်စားကြပါတယ်။ ရေရှည်မျှော်မှန်းချက်ရှိတဲ့အရာဖြစ်တဲ့ အရာတစ်ခုအတွက်လေ့လာသင်ယူမှုကို ပြုလုပ်ဖို့ တွန့်ဆုတ်မနေကြဘူးဆိုတာအသေအချာပါပဲ။
သင်လွယ်တတ်လွယ်သူဖြစ်ဖို့ တစ်နည်းအားဖြင့်
မသင်မီကတတ်နှင့်သူဖြစ်စေဖို့အတွက် အထက်ပါ အကြောင်းအရာတွေအပြင် တစ်ခြားလိုအပ်တဲ့ အရာတွေလည်း ရှိနေပါဦးမယ်။ သင်ကမျှဝေသူဖြစ်ရင်လည်း ဒီလိုလေ့လာသူမျိုးကိုလိုချင်မှာပါ။
ရှိပြီးသားအရည်အချင်းတွေကို ဖော်ထုတ်အသုံးချနိုင်ဖို့ ပြင်ဆင်ရာမှာလည်း ဒါတွေကိုတွေ့ရှိအောင် ရှာဖွေဆောင်ရွက်ရမှာဖြစ်ပါတယ်။
ရေးသားသူ – Htain Lin Kyaw (HR)



